ပိတ်မိနေတဲ့ ကုန်တင်ကားပေါ်က ကုန်များ ပုပ်သိုး၊ ကုန်သည်များ ထက်ဝက်ဈေးဖြင့် အရှုံးခံရောင်းချ

ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ ကုန်တင်ယာဉ်တွေ ပိတ်မိနေတာကြောင့် ယာဉ်ပေါ်တင်ဆောင်လာတဲ့ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ စားသောက်ကုန်တချို့ ပုပ်သိုးလာနေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

ဒါကြောင့် ကုန်သည်တွေဟာ နီးစပ်ရာကျေးရွာတွေမှာ ကုန်ပစ္စည်းတွေကို ထက်ဝက်ဈေးနဲ့ ပြန်လည်ရောင်းချနေရတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။

“ငါးကားတွေဆိုလည်း နံနေပြီ။ ကွန်တိန်နာကားတွေဆိုတော့ အဲကွန်းတွေနဲ့ အအေးပေးနေတာ။ မုန်လာထုပ်ကားတွေဆို လိုက်ရောင်းပေးနေတာ နီးစပ်ရာရွာတွေကိုပေါ့။ အောက်ကဟာတွေပုပ်ကုန်လို့တဲ့။ ခရမ်းချဉ်သီးဖာတွေရောပါတယ်။ ဈေးကို ၁၀၀၀ တန်ရင် ၅၀၀ နဲ့ရရင်ရမယ်ပေါ့ဗျာ။ အသားငါးတွေတော့ ဖောက်မရောင်းသေးဘူး။ ဒီတိုင်းပဲ အအေးပေးစက်တွေတော့ အချိန်တိုင်းနိုးနေတာ”လို့ သူက ပြောပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ကုန်တင်ကားတွေပိတ်မိနေကြတာဖြစ်ပြီး ဒီနေ့ဆိုရင် ၁၀ ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။

လက်ရှိမှာ နဘားလမ်းဆုံကသာလမ်းပိုင်း အပါအဝင် လမ်းပိုင်းတချို့ကို ဆက်လက်ပိတ်ထားတာကြောင့် ခရီးသည်တင်ကား တွေနဲ့ ကုန်တင်ကားအများအပြား ရှေ့ဆက်မသွားနိုင်ဘဲ လမ်းဘေးမှာပဲ ရပ်နားစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

လမ်းပိတ်ထားတာ ကြာမြင့်လာတာနဲ့အမျှ ကုန်သည်တွေအတွက် သယ်ယူပို့ဆောင်ရေးစရိတ်၊ လောင်စာဆီကုန်ကျစရိတ်နဲ့ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေ တိုးလာနေပြီး အရှုံးပေါ်နေသူတွေလည်း များလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ယောက်က လမ်းပိုင်းတွေအမြန်ဆုံးပွင့်စေချင်ပါတယ်ဗျ။ ရှုံးတဲ့ကုန်သည်တွေလည်း အများကြီးရှုံးပြီးပြီ။ လမ်းမှာလည်း အများကြီးဒုက္ခရောက်နေကြတယ်ပေါ့ဗျ။ စိတ်မကောင်းစရာတွေပါဘဲ။ လို့ ပြောပါတယ်။

လမ်းပိတ်မှုကြောင့် ကုန်တင်ကားတွေသာမက ခရီးသည်တင်ယာဉ်တွေလည်း ရပ်တန့်နေပြီး ခရီးသွားပြည်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အခုချိန်ထိ နဘားလမ်းဆုံနဲ့ ကသာမှာ လမ်းမဖွင့်သေးပါဘူး။ ပိတ်ထားဆဲပါ။ ဒီနေ့ဆိုရင် ပိတ်ထားတာ ရက်ရှိပြီပေါ့ဗျာ။ ခရီးသွားပြည်သူတွေလည်း ကြားညှပ်နေတယ်။ တချို့ခရီးသွားပြည်သူတွေက လမ်းစရိတ်ပြတ်နေကြပြီ။ အိမ်နဲ့လည်း အဆက်အသွယ်မရဖြစ်နေကြတယ်။ မိသားစုတွေကလည်း စိတ်ပူနေကြတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းဟာ ကချင်ပြည်နယ်နဲ့ အထက်ပိုင်းဒေသတွေအတွက် အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်ခုဖြစ်ပြီး ကုန်တင်ကား၊ ခရီးသည်တင်ကားနဲ့ ကုန်သွယ်ရေးယာဉ်တွေ နေ့စဉ်အသုံးပြုနေတဲ့ လမ်းကြောင်း လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဇွန်လကုန်ပိုင်းကစပြီး စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာတာကြောင့် နဘားကသာလမ်းပိုင်းနဲ့ မဲဇာနန့်သဲအင်းတော်ရှောင်ကွင်းလမ်းပိုင်းတွေမှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် အများအပြားလမ်းမှာပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ရှောင်ကွင်းလမ်းတွေကို အသုံးပြုဖို့ ကြိုးစားတဲ့ယာဉ်တွေဟာလည်း ကျေးရွာအလိုက် ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် ခရီးဆက်မသွားနိုင်ဘဲ လမ်းပြန်ဖွင့်မယ့်နေ့ကိုသာ စောင့်ဆိုင်းနေကြရတယ်လို့ ကားသမားတွေက ပြောပါတယ်။

ဒေသခံတွေနဲ့ ကုန်သည်တွေကတော့ လမ်းပိတ်ထားတာ ကြာမြင့်လာတာနဲ့အမျှ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေ ဆက်လက် များပြားလာနိုင်တာကြောင့် လုံခြုံရေးအခြေအနေပေးနိုင်တဲ့ နေရာတွေမှာ ယာယီသွားလာခွင့်ဖွင့်ပေးတာ ဒါမှမဟုတ် ကုန်စည် သယ်ယူပို့ဆောင်ရေးအတွက် နည်းလမ်းတစ်ခုခု အမြန်ဆုံးစီစဉ်ပေးဖို့ မျှော်လင့်နေကြပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button