ကသာ–နဘားလမ်းပိုင်း ယာယီသွားလာခွင့်ပြန်ရပေမယ့် လမ်းအခြေအနေ မတည်ငြိမ်သေး

မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးရဲ့ ကသာနဘားလမ်းပိုင်းမှာ ကားတချို့ ပြန်လည်သွားလာနိုင်လာပေမယ့် လမ်းတစ်လျှောက်လုံးကို ပုံမှန်အတိုင်း သွားလာနိုင်တဲ့အခြေအနေတော့ မဟုတ်သေးဘူးလို့ အဲဒီလမ်းကို အသုံးပြုနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

ကားသူ့ပြောပြချက်အရ ကသာကနေ နဘားဘက်ကို ကားတွေ ခဏပြန်ဖြတ်သန်းခွင့်ရလာပေမယ့် နဘားလမ်းဆုံမှာတော့ စစ်ဆေး တားဆီးတာတွေ ဆက်ရှိနေသေးပြီး ပင်ဝယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းကိုအပြည့်အဝဖွင့်ထားတာ မဟုတ်သေး ဘူးလို့ ဆိုပါတယ်။

ကသာကနေ နဘားကိုတော့ လာလို့ရတယ်ပေါ့ဗျာ။ ခဏဖွင့်ပေးလိုက်တယ်။ ဒါပေမယ့် နဘားလမ်းဆုံမှာတော့ တားထား သေးတယ်။ ပင်ဝယ်ဘက်မှာ တိုက်ပွဲဖြစ်လို့တဲ့။ နဘားကနေ စဆင်းတဲ့ကားတွေကတော့ ကသာအထိရောက်တယ်။ ဒါပေမယ့် လုံးဝကြီးပွင့်ပြီလို့တော့ ပြောလို့မရသေးဘူး။ စောင့်ကြည့်ရဦးမယ်။လို့ ကားသမားတစ်ဦး ပြောပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းကို စစ်ကောင်စီက မေလအတွင်း ပြန်ဖွင့်ထားတယ်လို့ ကြေညာခဲ့ပေမယ့် နောက်ပိုင်း ကသာ၊ နဘား၊ အင်းတော်နဲ့ ပင်ဝယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာကြောင့် လမ်းပိတ်တာတွေ ထပ်ဖြစ်လာခဲ့တာပါ။

လက်ရှိ လမ်းအခြေအနေဟာ လုံးဝအန္တရာယ်ကင်းတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့လည်း အဲဒီကားသမားက ပြောပါ တယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကိုသာ ပိတ်ထားပြီး ခရီးသွားတွေကို အန္တရာယ်နည်းတဲ့ လမ်းပိုင်းကနေ ဖြတ်သန်းခွင့်ပေးနေ တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအန္တရာယ်တော့ရှိတယ်။ အရမ်းကြီး စိုးရိမ်ရတာမျိုးတော့ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေက ဖြစ်တယ်။ မဖြစ်တဲ့ နေရာတွေက မဖြစ်ဘူး။ ခရီးသွားတွေအတွက်တော့ အန္တရာယ်ကင်းတဲ့နေရာကနေ ပိတ်ပေးတယ်။ ကားသမား ကိုယ်တိုင် ကြုံခဲ့ရတဲ့အခြေအနေကိုလည်း ပြန်ပြောပြပါတယ်။

လမ်းပိတ်လို့ ပြန်လှည့်လာတဲ့ အိမ်စီးကားငါးစီးရှိခဲ့ရာမှာ သုံးစီးလောက်ကို နောက်ပိုင်း ပြန်ဖြတ်သန်းခွင့်ပေးခဲ့ပေမယ့် အဲဒီကားတွေ ဟာ တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးအထိ ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ကျနော့်ရှေ့မှာ လမ်းပိတ်လို့ ပြန်လိုက်လာတဲ့ အိမ်စီးကား ငါးစီးရှိတယ်။ အဲဒီထဲက သုံးစီးလောက်တော့ ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် သေနတ်ပစ်ခတ်မှုတွေရှိတဲ့ တိုက်ပွဲကြားထဲအထိတော့ ရောက်သွားသေးတယ်။ လို့ အထက်ပါ ကားသမားကပဲဆက်ပြောပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းဟာ ကချင်ပြည်နယ်ကို အထက်မြန်မာပြည်နဲ့ ဆက်သွယ်ထားတဲ့ အရေးကြီးလမ်းကြောင်းဖြစ်ပါတယ်။ ဒီနှစ်အတွင်း လမ်းမကြာခဏ ပိတ်ခဲ့တာကြောင့် ကုန်တင်ကားတွေ ရက်ပေါင်းများစွာ ပိတ်မိတာ၊ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ နဲ့ ခရီးသွားတွေ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို လက်ရှိအချိန်ထိလည်းကြုံနေရဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ကသာနဘားကြား လမ်းပိုင်းကို တချို့ယာဉ်တွေ သွားလာနိုင်လာပေမယ့် တိုက်ပွဲတွေ ဆက်ရှိနေသေးတဲ့အတွက် မန္တလေးမြစ်ကြီးနားလမ်း တစ်လျှောက်အခြေနေဟာ ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်မလားဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button