ပိတ်မိနေတဲ့ ခရီးသွားနဲ့ကားသမားတွေအတွက် ကသာဒေသခံတွေ ထမင်းဝေ

မန္တလေးမြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် ရက်ရှည်ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေကို ကသာမြို့နဲ့ အနီးဝန်းကျင်က ဒေသခံတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက နေ့စဉ် ထမင်းချက်ကျွေးပြီး လိုက်လံဝေငှပေးနေကြတယ်လို့ သိရပါတယ်။

လမ်းပိတ်တာ နှစ်ပတ်နီးပါးရှိလာတာနဲ့အမျှ ကားအစီးရာနဲ့ချီ လမ်းတစ်လျှောက်မှာ ရပ်တန့်စောင့်ဆိုင်းနေကြရတာဖြစ်ပြီး ခရီးသည်တွေနဲ့ ယာဉ်မောင်းအများစုကလည်း စားသောက်ရေးအတွက် ဒေသခံတွေရဲ့ အကူအညီကို အားထားနေကြရပါတယ်။

ကသာမြို့တင်မဟုတ်ဘဲ လမ်းတစ်လျှောက်က ကျေးရွာတွေမှာလည်း ပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသည်တွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျနော်တို့ရွာကအဖွဲ့တွေဆိုရင်လည်း ပိတ်မိနေတဲ့ကားသမားတွေကို ထမင်းတွေဘာတွေချက်ကျွေး လှူဒါန်းတာတွေလည်း လုပ်နေတာပေါ့လို့ ကသာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

ဇူလိုင် ၁၃ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာတွေမှာမျှဝေထားတဲ့ အချက်အလက်တွေအရ ကသာမြို့က ပတ္တမြားဓမ္မာရုံအဖွဲ့၊ ဓမ္မပါလကျောင်းအဖွဲ့၊ ရေဝန်းကျောင်းအဖွဲ့၊ ရပ်ကွက် () အဖွဲ့၊ မွတ်စလင်လူမှုကူညီရေးအဖွဲ့နဲ့ ပါဝါနိုင်းကားအသင်းတို့ ပူးပေါင်းပြီး ပိတ်မိနေတဲ့ ခရီးသည်တွေအတွက် နေ့စဉ် အစားအသောက်တွေ ချက်ပြုတ်လှူဒါန်းနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့တွေက မနက်မိုးမလင်းခင်ကတည်းက ချက်ပြုတ်ပြီး ကသာမြို့မှာ ရပ်နားစောင့်ဆိုင်းနေတဲ့ ခရီးသည်တွေနဲ့ ယာဉ်မောင်း တွေကို မနက်နဲ့ ညနေ ထမင်းထုပ် ၂,၀၀၀ ကျော် လိုက်လံဝေငှပေးနေကြောင်းလည်း ဆိုထားပါတယ်။

အခုချိန်ထိတော့ ကသာနဘားလမ်းပိုင်းအပါအဝင် မောင်းကုန်း၊ မြတောင်၊ သာဂေရနဲ့ ကလုံဘက်တွေမှာ ကားတွေ ဆက်ပိတ်မိ နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

လမ်းပိုင်းမှာပဲမဟုတ်ဘူး။ မောင်းကုန်းအရှေ့မှာကို ကားကရာကျော်ပဲ ပိတ်မိနေတာ။ အရှေ့ဘက်ရိုးဆို မြတောင်ရယ်၊ မောင်းကုန်းရယ်။ အနောက်ဘက်ရိုးဆို သာဂေရ၊ ကလုံဘက်မှာ အများဆုံး။ ဇက်ကူးဖို့လုပ်ထားတဲ့ ကားတွေ၊ ဇက်ဆိပ်တွေ ကလည်း ပိတ်ထားတော့ သူတို့ ဟိုလည်းမသွားတတ်ဘူး၊ ဒီလည်းမသွားတတ်ဘူး။ သာဂေရနဲ့ ကလုံမှာပဲ ပိတ်မိနေကြတာလို့ ကသာမြစ်ကမ်းနဘေးနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

မြစ်ကူးဇက်ဆိပ်တွေကိုလည်း အသုံးမပြုနိုင်သေးတာကြောင့် ယာဉ်တွေဟာ အခြားလမ်းကြောင်းကို ပြောင်းသွားလို့မရဘဲ လမ်းဘေးမှာပဲ ဆက်လက်စောင့်ဆိုင်းနေကြရပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းဟာ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါ တယ်။

ပုံမှန်ဆိုရင် မြစ်ကြီးနားမန္တလေးလမ်းပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်လာချိန် ခရီးသွားတွေဟာ ကွင်းလမ်းကိုအသုံးပြုနိုင်ကြ ပေမဲ့ ပြီးခဲ့တဲ့မေလနောက်ပိုင်းက ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲမှာတော့ ဘယ်လမ်းပိုင်းကိုမှ အသုံးပြုလို့မရတဲ့ အခြေနေဖြစ်ပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရတော့ တော်လှန်ရေးအင်အားစုတွေဟာအင်းတော်မြို့နယ်တစ်ခုလုံးကို လက်လွှတ်ခဲ့တာ မဟုတ် ပေမဲ့ မဲဇာ၊ အင်းတော်၊ နဘားလမ်းဆုံ၊ နဘားနဲ့ မော်လူးလို အဓိကလမ်းပိုင်းပေါ်ကနေရာတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မော်လူးနဲ့ နဘားအပါအဝင် အင်းတော်မြို့နယ်ထဲက အရေးပါတဲ့လမ်းပိုင်း အားလုံးကို လက်လွှတ်ထားရတဲ့နောက်ပိုင်း လမ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်ထားတာနဲ့ စစ်ရေးအခြေအနေကြောင့် ခရီးသွားနဲ့ကားသမားတွေကတော့ ဆက်လက်ခက်ခဲနေဆဲဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button