မြစ်ကြီးနား-မန္တလေးလမ်း ခရီးမသွားသင့်သေးကြောင်း ကားသမားတွေပြော

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ မြစ်ကြီးနားမန္တလေး ကားလမ်းမှာ စစ်ရေးအခြေအနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိုင်းတချို့ ဆက်လက်ပိတ်ဆို့နေဆဲဖြစ်သလို ကားရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

လမ်းအခြေအနေ ဆိုးရွားနေဆဲဖြစ်တာကြောင့် မြစ်ကြီးနားမန္တလေးလမ်းကို လက်ရှိအချိန်မှာ မဖြစ်မနေခရီးမဟုတ်ရင် မသွားသင့်သေးဘူးလို့လည်း ကားသမားတွေက တိုက်တွန်းပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းကတော့ အရှေ့လမ်း၊ အနောက်လမ်း အားလုံးပိတ်နေပါတယ်။ မင်းကုန်းရွာတံတားလည်း မပြီးသေးတော့ အတက်အဆင်းကားတွေ ရာနဲ့ချီ ပိတ်မိနေဆဲဖြစ်ပါတယ်။ အတက်ကားတွေက မင်းကုန်းရွာမရောက်ခင်မှာ ပိတ်မိနေတာ ၁၀ ရက်ကျော်သွားပြီ။ အဆင်းကားတွေလည်း ပိတ်မိနေတာ အများကြီးပါလို့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားကနေ မန္တလေးဘက်ကို သွားတဲ့ အရှေ့လမ်းနဲ့ အနောက်လမ်း နှစ်လမ်းစလုံးမှာ ယာဉ်တွေ ပိတ်မိနေသလို အင်းတော်မြို့နယ် မင်းကုန်းရွာအနီးမှာလည်း ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ရက်ပေါင်းများစွာ ပိတ်မိနေတယ်လို့ အဲဒီလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ ကားသမားက ဆက်ပြောပါတယ်။

မင်းကုန်းရွာတံတား အခြေအနေကြောင့် အဓိကလမ်းမကြီးကို ဖြတ်သန်းမရတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတချို့က အင်းတော်မြို့နယ်အတွင်း ကွင်းလမ်းတွေကို အသုံးပြုနေရပါတယ်။ ဒါပေမယ့် မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အဲဒီကွင်းလမ်းတွေမှာလည်း သွားလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းမှာ ပိတ်ဆို့မှုတွေဟာ အခုမှ စတင်တာမဟုတ်ဘဲ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတည်းက စစ်ရေးအခြေအနေကြောင့် ယာဉ်တွေ ရက်ပေါင်းများစွာ ပိတ်မိခဲ့ပါတယ်။ အရင်ကလည်း နဘားကသာလမ်းပိုင်းနဲ့ အင်းတော်မြို့နယ်အတွင်း ကွင်းလမ်းတွေမှာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ပိတ်မိခဲ့ပြီး ကုန်စည်တွေ ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့ပါတယ်။

လက်ရှိ အရှေ့လမ်းပိုင်းမှာလည်း လမ်းပေါ် ကြားညှပ်ပိတ်မိနေတဲ့ကားတွေနဲ့ အခြားယာဉ်တွေ ရှိနေဆဲဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ကွင်းလမ်းတွေရဲ့ အခြေအနေပါ ပိုမိုဆိုးရွားလာနေတယ်လို့ အဲဒီကားသမားက ဆက်ပြောပါတယ်။

အရှေ့လမ်းပိုင်းမှာလည်း လမ်းမှာ ကြားညှပ်နေတဲ့ကားတွေ၊ ပိတ်မိနေတဲ့ကားတွေ အများကြီးရှိပါတယ်။ မိုးကလည်း အဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ကွင်းလမ်းတွေမှာလည်း အဆင်မပြေဖြစ်နေပါတယ်။ မြစ်ကြီးနားမန္တလေးကားလမ်းနဲ့ လုံးဝခရီးမသွားသင့်သေးပါဘူး။ အခုရက်ပိုင်းတော့ အရေးကြီးကြီး မကြီးကြီး ကားလမ်းနဲ့ ခရီးမသွားကြဦးနဲ့ပေါ့လို့ သူက ပြောပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်း ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် လမ်းပိတ်ဆို့မှု ကြာမြင့်လာတာက ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေးကိုပါ ထိခိုက်စေပါတယ်။

လက်ရှိအခြေအနေမှာ စစ်ရေးတင်းမာနေတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းရနိုင်သလို မိုးရွာသွန်းမှုကြောင့် လမ်းအခြေအနေ ပိုမိုဆိုးရွားလာနိုင်တာကြောင့် မဖြစ်မနေသွားရမယ့် ခရီးစဉ်မဟုတ်ရင် ခရီးစဉ်ရွှေ့ဆိုင်းထားဖို့ ကားသမားတွေက တိုက်တွန်းထားပါတယ်။

အလားတူ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ရာသီဥတုဆိုးရွားပြီး လမ်းနဲ့တံတားတချို့မှာ သွားလာရေးအခက်အခဲတွေ ရှိနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ အသိပေးထားပါတယ်။

လမ်းပိုင်းအခြေအနေ ပြန်လည်ကောင်းမွန်ပြီး သွားလာနိုင်ပြီဆိုတဲ့ မြေပြင်အတည်ပြုချက် မရမချင်း မြစ်ကြီးနားမန္တလေး ကားလမ်းကို မဖြစ်မနေ ခရီးမဟုတ်ရင် အသုံးမပြုကြသေးဖို့ လမ်းကြောင်းအခြေအနေ သိရှိသူတွေက သတိပေးထားပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button