သတ်ဖြတ်ခံရတဲ့ နောင်းမီ ဒေသခံ ၄ ဦး၏ ရုပ်အလောင်းပြန်ပေးရန် ပြည်သူ့စစ်အဖွဲ့ ငြင်းဆန်ထား

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တဲ့ နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို ပြန်ပေးဖို့ မိသားစုဝင်တွေ တောင်းဆိုခဲ့ပေမယ့် ပြည်သူ့စစ်အဖွဲ့က မပေးသေးဘူးလို့ သိရပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ မင်္သကာမှု နဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ နောင်မီဒေသခံအမျိုးသား ၄ ဦးရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့ နောင်းမီကျေးရွာ ရပ်မိရပ်ဖတွေက ပြည်သူ့စစ်အဖွဲ့ထံ ရက်စွဲသွားရောက်တောင်းခံခဲ့ပါတယ်လို့ နောင်းမီဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

မှော်သွားတဲ့လမ်းမှာ မင်္သကာမှုနဲ့ ဖမ်းဆီးသွားကြတာဟုတ်တယ်။ ဖမ်းဆီးခံရလို့  နောင်းမီရွာက ရပ်မိရပ်ဖတွေက ပြန်လွတ်ပေးဖို့ သွားပြောကြတော့ ပြည်သူ့စစ်အဖွဲ့ဘက် ပြန်ပြောတာက တိုက်ပွဲဖြစ်တဲ့နေရာမှာ ဖြစ်သွားတဲ့အတွက် လက်လွန်သွားတယ် ဆုံးသွားပြီပေါ့။ အဲ့လိုဆိုတော့ အလောင်းလေးတော့ တွေ့ချင်တယ် ပြပေးပါလို့ပြောရင်လည်း အလောင်းလည်း မပြနိုင်ဘူးလို့ ပြန်ပြောတယ်လို့ပြောပါတယ်။

သို့သော်လည်း သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေထံ ပြန်ပေးဖို့ ရပ်မိရပ်ဖတွေက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က တဆင့် ထပ်မံ ကြိုးစားတောင်းဆို သွားမယ်လို့ သိရပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အခိုင်အမာတပ်ချထားတဲ့ စံပြကျေးရွာ ပြည်သူ့စစ်တပ်စခန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်အဖွဲ့ရဲ့ လေ့ကျင့်ရေးကျောင်း ထိမှန်ခဲ့ပြီး တပ်တွင်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူ့စစ်အဖွဲ့က လမ်းပေါ် သွားလာတဲ့ နောင်းမီဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်တဲ့အထိ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ နောင်မီဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရသူ ၄ ဦးမှာ အသက် ၁၆ နှစ်အရွယ် မောင်ထွယ်ဆန်အောင် နဲ့ အသက် ၂၅ နှစ်အရွယ် ဦးဒေါင်လွမ်း၊ အသက် ၂၁ နှစ်အရွယ် ဦးလမိုင်ရွန်းမိုက်၊ အသက် ၁၉ နှစ်အရွယ် မောင်ဆွတ်အောင်တို့ ဖြစ်ကြပါတယ်။

နောင်းမီဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံး ၄ ဦးထဲမှာ အသက် ၁၆ နှစ်အရွယ် မောင်ထွယ်ဆန်အောင်ဆိုတဲ့ လူငယ်ဟာ ကျောင်းထွက်ပြီး မှော်ထဲကျင်းသားလုပ်ဖို့ ထွက်သွားတဲ့အချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ပြောပါတယ်။

နောင်းမီ ဒေသခံ ၄ ဦး ဖမ်းဆီးသတ်ဖြတ် ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ထပ် နောင်းမီဒေသခံတစ်ဦးက ဖြစ်တဲ့အခြေအနေက မင်းဇင်သန့်တွေရဲ့ ပြည်သူ့စစ် စခန်းထဲက လေ့ကျင့်ရေးကျောင်းမှာ KIA ဘက်က ပစ်ခတ်လိုက်တဲ့ ဒရုန်း ကျမှန်ခဲ့တယ်။ အဲ့မှာ သေဆုံးမှု နည်းပေမယ့် ထိခိုက်သေဆုံးမှုရှိတယ်လို့တော့သိရတယ်။ အဲ့ဒါကို မကျေနပ်လို့ နောင်မီရွာထဲက ပြည်သူ ၄ ဦးကို လမ်းပေါ်က မင်္သကာမှုနဲ့ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်” လို့ ပြောပါတယ်။

ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့အသုံးပြုတဲ့ Telegram မှာတော့ တပ်စခန်းကို KIA တိုက်ခိုက်ခဲ့တာ မှန်ကန်ပေမယ့် စခန်းအတွင်း ၂ ဦးသာ ထိခိုက်ပြီး သေဆုံးသူ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

တနိုင်းလီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားကြီးထွားလာတဲ့ စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆနိုင်တဲ့ ဒေသခံပြည်သူတွေကို သတ်ဖြတ်ကျူးလွန်တဲ့ ဖြစ်စဉ်တွေက မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

ရှဒူးဇွပ် ရွှေမှော်ဒေသမှာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ စစ်တပ်စခန်း အပြန်အလှန်ဝင်ရောက် တိုက်ခိုက်နေတဲ့ဖြစ်စဉ်တွေကြောင့် တိုက်ပွဲတွေလည်း မရေတွက်နိုင်တဲ့အထိရှိခဲ့ပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ ဝါရာဇွပ်ကျေးရွာအုပ်စုထဲမှာ ပါဝင်တဲ့ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ၊ ဘန်ကောက်စတဲ့ကျေးရွာတွေအပြင် ဝါရာဇွပ်ကျေးရွာနဲ့ ကပ်ယက်ရှိတဲ့ နောင်းမီကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ မရှိအောင် စစ်ရေးလှုပ်ရှားပြီး တိုက်ပွဲဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်

Show More

Leave a Reply

Back to top button