“ဒုတိယအကြိမ် တိုက်ခိုက်မှု” ကို ဒီနှစ်ထဲကမှ သတိထားမိတယ်လို့ IIMM အကြီးအကဲ ပြော၊ ကချင်မှာလည်း စုရုံးရာနေရာတွေ ပစ်မှတ်ထားခံနေရဆဲ

ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပဲ နေရာတည်းကိုပဲ ဒုတိယအကြိမ် ပြန်လာတိုက်ခိုက်တဲ့ဒုတိယအကြိမ်တိုက်ခိုက်မှု” (Double Tap) နည်းလမ်းကို မြန်မာစစ်တပ်က ဒီနှစ်ထဲမှာ စတင်ကျင့်သုံးလာတာကို သတိထားမိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က KNG ကို ပြောပါတယ်။

ဒီနည်းလမ်းက ကယ်ဆယ်ရေးသမားတွေကို ပစ်မှတ်ထားတာမျိုးဖြစ်ပြီး အခြေခံလူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ကျနော်အနေနဲ့ အဲဒီနည်းလမ်းကို အသုံးပြုတာကို စပြီး သတိထားမိတာ ဒီနှစ်ထဲမှာပါ။ ပထမအကြိမ် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ ဆေးကုဖို့လိုတဲ့သူတွေကို လာရောက်ကူညီကယ်ဆယ်တဲ့လူတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် လာပြီးတိုက်ခိုက်တာမျိုးက အခြေခံလူသားချင်းစာနာမှုကို ချိုးဖောက်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ် လို့ နီကိုလတ်စ်ခွန်ဂျန်က KNG ကို ပြောပါတယ်။

စစ်မက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေအရဆိုရင် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့သူတွေပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တာပေါ့။ ကျနော့အမြင်အရဆိုရင် ဒုတိယအကြိမ်လာပြီး တိုက်ခိုက်တာက စစ်တိုက်နေတဲ့ သူတွေကို ရည်ရွယ်တာမဟုတ်ဘူး ပြည်သူတွေနဲ့ ထိခိုက်တဲ့သူတွေကို အရေးပေါ် လာကူညီတဲ့ ကယ်ဆယ်ရေး သူတွေကို တိုက်ခိုက်တာဖြစ်တယ်။ အဲအတွက်ကြောင့် ဒီအမှုက ပိုပြီး ကြီးလေးပါတယ် လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMM က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဩဂုတ်လ ၁၁ ရက်နေ့မှာ တင်သွင်းခဲ့တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်

အစီရင်ခံစာမှာတော့ IIMM အနေနဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ Double Tap ဒုတိယအကြိမ်တိုက်ခိုက်မှု ဖြစ်စဉ်တွေကို ဦးစားပေးစုံစမ်း စစ်ဆေးနေတယ်လို့ ဖော်ပြထားပြီး ဘယ်ဖြစ်စဉ်တွေ ဖြစ်သလဲဆိုတာကိုတော့ အသေးစိတ် မပါဝင်ပါဘူး။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) အရ ဒဏ်ရာရသူများကို ကူညီနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ကယ်ဆယ်ရေးသမားများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသူများကို ကာကွယ်ပေးရန် တိကျတဲ့ စည်းမျဉ်းများ ရှိပြီး၊ ဂျီနီဗာသဘောတူညီချက်များ (Geneva Conventions) နဲ့ ၎င်းရဲ့ နောက်ဆက်တွဲ Additional Protocol များအရ ဒဏ်ရာရသူ၊ နာမကျန်းသူများကို ကူညီစောင့်ရှောက်ပေးနေသူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို တားမြစ်ထားပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့  ၂၀၂၅ ဇူလိုင်လကနေ ၂၀၂၆ ဇွန်လအထိ တစ်နှစ်တာ အချက်အလက်တွေအရ ကချင်ပြည်နယ်မှာ စစ်တပ်က လူထုကို လေကြောင်းဗုံးကြဲမှု ၈၅ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးများအပါအဝင် လူပေါင်း ၁၃၀ ခန့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူလူထု စုရုံးတဲ့နေရာ စျေးလို နေရာ ဆုတောင်းပွဲ နာရေး အခမ်းအနား ပြုလုပ်တဲ့နေရာ ကျောင်းနားတွေမှာ ဗုံးကြဲခဲ့တယ်။ ဒါတောင်မှ ကျမတို့ ကချင်မှာက အင်တာနက် ဖုန်း မရဘူး မြေပြင်မှာက ဒီထက် အရေအတွက် များနိုင်ပါတယ် လို့ KHRW ဒါရိုက်တာ ဒေါ်ဆိုင်းမိုင်က ပြောပါတယ်။

စာရင်းတွေအရ ဗုံးကြဲမှုတွေက စစ်ပွဲနေရာတွေမှာ မဟုတ်ဘဲ ပြည်သူလူထု စုရုံးတဲ့ စျေးတန်း၊ ဆုတောင်းပွဲ၊ နာရေးအခမ်းအနားတွေကို ပစ်မှတ်ထားခဲ့တာ တွေ့ရပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ရှိ ဆဒုံးမြို့စျေးတန်းကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ၄ ကြိမ်ပစ်ချခဲ့လို့ ကလေး ၃ ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ပွဲလုံးဝမရှိတဲ့နေရာ၊ စစ်တပ်ပစ်မှတ် လုံးဝမရှိတဲ့ စျေးတန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ KIO က ထောက်ပြထားပါတယ်။

https://burmese.kachinnews.com/2025/09/29/yl1-428/

 ဒါ့အပြင် ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာလည်း ကျေးရွာ နာရေးဆုတောင်းပွဲ ပြုလုပ်ဖို့ ရွာသားတွေ စုရုံးနေတုန်း ၂၀၂၆ ဇန်နဝါရီလ ၂၁ ရက်နေ့ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်အထိ ရှိခဲ့ပါတယ်။

https://burmese.kachinnews.com/2026/01/23/yl1-470/

 ရခိုင်၊ ကရင်နီ နဲ့ စစ်ကိုင်းဒေသမှာ Double Tap ဒုတိယ ထပ်ဆင့်တိုက်ခိုက်တဲ့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိမရှိကို KNG က အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိပါ။ KNG အနေနဲ့ ကချင်ပြည်နယ်မှာ Double Tap ပုံစံအတိအကျ ဖြစ်ပွားခဲ့ဖူးလား ဆိုတာကို အတည်ပြုနိုင်ဖို့ KIA တာဝန်ရှိသူတွေထံ မေးမြန်းရန် ကြိုးစားနေပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ IIMM က ဖော်ပြသည့် Double Tap ပုံစံအတိုင်း အခုနှစ် မေလ ၁၁၁၂ ရက်တွေမှာ ‘ဗုံးကြဲပြီး ဒရုန်းဖြင့်စောင့်ကြည့်ကာ ထပ်ဆင့်တိုက်ခိုက်သည့် ဗျူဟာသစ် ကို စစ်တပ် အသုံးပြုလာတယ်လို့ သတင်းနှင့် မီဒီယာကွန်ယက် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုတွေက ကယ်ဆယ်ရေးသမားတွေကို စောင့်ကြည့်ပြီး ချိန်ကြည့်ပစ်တဲ့ ဗျူဟာဖြစ်တယ်လို့ ဆိုထားပါတယ်။

https://www.bnionline.net/mm/news-115048

၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တည်ထောင်ခဲ့တဲ့ IIMM ရဲ့ အဓိကတာဝန်ကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ အကြီးအလေးဆုံး နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စုဆောင်း၊ ထိန်းသိမ်းပြီး စိစစ်သုံးသပ်ကာ အနာဂတ်တရားစွဲဆိုမှုတွေအတွက် အမှုဖိုင်တွေ ပြင်ဆင်ဖို့ဖြစ်ပါတယ်။

အဲဒီ ရာဝတ်မှုတွေကတော့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု အပါအဝင် အခြားကြီးလေးတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ ၂၀၁၆၂၀၁၇ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများ၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဆက်လက်ကျူးလွန်နေတဲ့ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု အကြမ်းဖက်မှုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

အခုလက်ရှိ ဘယ်အဖွဲ့ဖြစ်ဖြစ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုမဆို အထောက်အထားနဲ့တကွ စုဆောင်းနေပြီး ယနေ့ တရားမစွဲနိုင်သေးပေမယ့် အနာဂတ်မှာ တာဝန်ခံမှု ရှိလာစေဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

By – CJ

Show More

Leave a Reply

Back to top button