ဖားကန့်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုပြန်စတင်လာ၊ အရပ်သားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ထဲမှာ စစ်တပ်ဘက်က ဒေသအတွင်း စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်ဆောင်လာပြီး ပစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်လာရာ အရပ်သားသေဆုံးမှုရှိလာတယ်လို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ ကုဋေ နဲ့ မှော်ဆီစာကျောက်ဝိုင်းရှိတဲ့ ဘက်ကို စစ်ကောင်စီတပ်ဘက်က တပ်စွဲထားတဲ့ နေရာက စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။
“မနေ့တုန်းက ၄ နာရီနဲ့ ၅ နာရီပတ်ချာလောက်မှာပဲ စစ်ကောင်စီတပ်တွေက လုပ်ကွက်တွေရှိတဲ့ ဘက်ကို ဆင်းလာလို့ ပစ်ခတ်မှုရှိခဲ့တာဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်လို့ လုံးခင်းကျောက်ဝိုင်း ဧရိယာအတွင်းမှာ ပေါက်ကွဲမှုဖြစ်လို့ နှစ်ယောက်ထိ ပြီးတစ်ယောက်သေတယ် နှစ်နေရာမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲမှုရှိခဲ့တယ်”လို့ပြောပါတယ်။
မနေ့က ပစ်ခတ်မှုဖြစ်စဉ်ထဲမှာ ကျောက်ဝိုင်းအနီးမှာ အိမ်ငှားရမ်းပြီးနေထိုင်တဲ့ အမျိုးသား ၂ ဦးကျည်ထိမှန်ခဲ့ပြီးတော့ တစ်ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

တစ်ဦးသေဆုံးမှုရှိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ KNG အနေနဲ့ အသေးစိတ်မသိရှိရသေးတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာလည်း ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံကနေ ထွက်လာတဲ့ စစ်ကြောင်းတွေက ဒရုန်းပစ်ခတ်မှုတွေလုပ်ဆောင်နေတာကြောင့် ပေါက်ကွဲသံတွေ ဆက်လက်ကြားနေရတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးတွေကပြောပါတယ်။
ဖားကန့် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့်ပြည်သူ သတင်းအရင်းအမြစ်တစ်ဦးက “မနေ့က လက်နက်ကြီးအကျယ်ကြီးကြားလိုက်ရတယ်။ ပထမစဖြစ်တာက လုံးခင်းကျောက်ဝိုင်းအစပ်နားက ရပ်ကွက်(၄)မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက သောက်စားမူးယစ်ပြီးတော့ အချင်းချင်းစကားများရုန်းရင်ဆန်ခတ်ဖြစ်ခဲ့တာရှိတယ်။ အဲ့ဒီနောက် မှော်ဆီစာ ဘုရားကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာရှိတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်ကျော်ကတည်းကနေ ဖားကန့်မြို့တွင်း သွားလာတဲ့ လမ်းကြောင်းနေရာတွေမှာ စစ်ဆေးရေးတင်းကြပ်ပြီး စစ်ရေးလှုပ်ရှားမှုပြန်လည်လုပ်ဆောင်လာခဲ့ပါတယ်။
နှစ်လဝန်းကျင်လောက်အထိ ဖားကန့်ဒေသမှာ မြေပြင်တိုက်ပွဲငြိမ်းသက်သွားပေမယ်ြ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်တပ်ဘက်က ဖားကန့်ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းလိုက်ပြီစးနောက် အောက်တိုဘာလထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ပြည်သူတွေပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




