မြစ်ကြီးနားမှာ ရာသီဥတုရုတ်တရက်ပြောင်းလဲ၊ အယ်လ်နီညို သတိထားဖို့လို
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်တင်ဘာလအတွင်း အပူချိန်မြင့်တက်ခဲ့ပြီး အောက်တိုဘာလအကူးမှာတော့ ရုတ်တရက် မိုးရွာသွန်းကာ ရာသီဥတုပြန်လည်အေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမှာ စက်တင်ဘာလအတွင်း ပျမ်းမျှအပူချိန်ဟာ ပုံမှန်ထက် ၁.၉ ဒီဂရီစင်တီဂရိတ် ပိုမြင့်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှာ အမြင့်ဆုံးအပူချိန် ၃၇.၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့တယ်လို့ မိုးလေဝသဌာနတွေကထုတ်ပြန်ချက်အရသိရပါတယ်။
ထုတ်ပြန်ချက်တွေအရ စက်တင်ဘာလလယ်နောက်ပိုင်းမှာလည်း ၃၆ ဒီဂရီကနေ ၃၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ အပူချိန် မြင့်တက်ခဲ့တဲ့နေ့တွေ ဆက်တိုက်ရှိခဲ့တာပါ။
တစ်ဖက်မှာတော့ အခုလိုအပူချိန်မြင့်တက်မှုတွေကြောင့် နေ့စဉ်သွားလာနေထိုင်တာနဲ့ အလုပ်လုပ်ကိုင်ရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့အကြောင်း မြစ်ကြီးနားမြို့ခံတွေကပြောပြပါတယ်။
ပရဟိတစာသင်ပေးနေတဲ့ ဆရာတစ်ဦးက“ကလေးတွေကို စာသင်တဲ့နေရာမှာ နေရဲ့အပူကြောင့် စာမှာစိတ်ဝင်စားမှု၊ ဆရာကအစ ကလေးတွေရောပေါ့။ အပူကြောင့် စာသင်ရတဲ့အခြေအနေတွေမှာ အဆင်မပြေတဲ့အခြေအနေတွေ ဖြစ်လာတယ်။”
လက်ရှိ အောက်တိုဘာလအကူးမှာတော့ မြစ်ကြီးနားမြို့မှာ မိုးတိမ်တွေ ရုတ်တရက်ထူထပ်လာပြီး မိုးရွာသွန်းကာ ရာသီဥတုပြန်လည်အေးလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားဒေသခံတစ်ဦးက“အခုက မိုးရွာလိုက်တော့ ပြန်အေးလာပြီ။ မိုးက ရုတ်တရက်ရွာလာတာ။ ကောင်းကင်ကြီးက မှောင်မဲသွားတာပဲ။ မဲမဲကြီးနဲ့ မိုးက ရုတ်တရက်ရွာချလာရော။ ပြီးတော့ ဒီနေ့ဒီရက်ပိုင်းတွေတော့ အေးလာတယ်။”
အခုလို မိုးရုတ်တရက်ရွာပြီး အပူချိန်ပြန်ကျလာတာဟာ အယ်လ်နီညိုကြောင့် ဖြစ်တယ်လို့ တိုက်ရိုက်သတ်မှတ်လို့မရသေးပါဘူး။
အယ်လ်နီညိုဆိုတာကတော့ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် ပိုပူလာတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒေသအသီးသီးမှာ ပုံမှန်ရာသီဥတုပုံစံတွေ ပြောင်းလဲနိုင်ပြီး အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲတာ၊ မိုးခေါင်တာနဲ့ တခြားအစွန်းရောက်ရာသီဥတုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
လက်ရှိအခြေအနေမှာတော့ အယ်လ်နီညိုဟာ အင်အားအလွန်ကောင်းတဲ့အခြေအနေကို ရောက်ရှိလာနိုင်ပြီး ၂၀၂၆ ခုနှစ်နှစ်ကုန် ပိုင်းမှာ အမြင့်ဆုံးအခြေအနေကို ရောက်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
လူသုံးများတဲ့စကားနဲ့ “စူပါအယ်လ်နီညို” လို့ ခေါ်ဆိုကြပေမယ့် မိုးလေဝသဆိုင်ရာမှာတော့ “အင်အားအလွန်ကောင်းတဲ့ အယ်လ်နီညို” လို့ပဲသုံးနှုန်းကြပါတယ်။
ဒါ့အပြင် အယ်လ်နီညိုကို “အပူချိန်ပဲ မြင့်လာမယ်” လို့ နားလည်ထားတာ မမှန်ပါဘူး။
အယ်လ်နီညို အားကောင်းလာတဲ့အခါ ဒေသအလိုက် အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲနိုင်ပြီး အချို့နေရာတွေမှာ အပူလွန် ကဲတာ၊ မိုးခေါင်တာတွေ ဖြစ်နိုင်သလို အချို့နေရာတွေမှာ မိုးသည်းထန်တာ၊ ရေကြီးတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် လူထုအနေနဲ့ အပူချိန်မြင့်တက်လာမှုတစ်ခုတည်းကိုသာ အာရုံစိုက်တာထက် ရာသီဥတုပုံစံတွေ ပိုမိုမတည်ငြိမ်လာနိုင် တာကို သတိထားပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။
အပူချိန်မြင့်တက်တဲ့နေ့တွေမှာ နေပူချိန်အတွင်း အပြင်ထွက်တာနဲ့ အပြင်းအထန်အလုပ်လုပ်တာကို လျှော့ချပြီး ရေလုံလောက်စွာ သောက်တာ၊ အေးမြတဲ့နေရာမှာ အနားယူတာတွေ ပြုလုပ်သင့်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေကိုလည်း ပုံမှန်ထက်ပိုပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။
အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်တာ၊ အပူဒဏ်သင့်တာနဲ့ အပူရှပ်တာတွေ ဖြစ်နိုင်ပြီး အပူရှပ်ခြင်းဟာ အသက်အန္တရာယ် ရှိနိုင်တဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မိုးသည်းထန်တာနဲ့ ရုတ်တရက်မိုးရွာသွန်းတာတွေ ဖြစ်လာနိုင်တာကြောင့် အိမ်နဲ့ပတ်ဝန်းကျင်မှာ ရေစီးရေလာ ပိတ်ဆို့မှုတွေကို ကြိုတင်ရှင်းလင်းထားတာ၊ ရေကြီးနိုင်တဲ့နေရာတွေမှာ အရေးကြီးပစ္စည်းတွေကို မြင့်တဲ့နေရာမှာထားတာနဲ့ ဒေသအလိုက် မိုးလေဝသ သတိပေးချက်တွေကို ပုံမှန်နားထောင်ဖို့လိုပါတယ်။
မြစ်ကြီးနားမှာ လက်ရှိ မိုးရွာပြီး အေးလာတဲ့အခြေအနေကို အယ်လ်နီညိုရဲ့ တိုက်ရိုက်သက်ရောက်မှုလို့ မသတ်မှတ်နိုင်သေးပေ မယ့် လာမယ့်ကာလမှာ ရာသီဥတုပုံစံဘယ်လိုပြောင်းလဲလာနိုင်မလဲဆိုတာကို သတိထားပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။
ဓာတ်ပုံ– မြစ်ကြီးနားမြို့ကနေမြင်ရတဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်တစ်နေရာ




