နယ်မြေပြန်ထိန်းချုပ်နိုင်ကြောင်း စစ်တပ်ထုတ်ပြန်

စစ်ကြောင်းဖြတ်သန်းရာလမ်းတစ်လျှောက် အရပ်သားတွေထိခိုက်မှုရှိခဲ့ဟုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ကနေ ကောလင်း၊ ကန့်ဘလူမြို့နယ်တွေအထိ ဗျူဟာလမ်းမကြီးတစ်လျှောက် ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပေမဲ့ အဲဒီစစ်ကြောင်း ဖြတ်သန်းခဲ့တဲ့ ဒေသတွေမှာ တော့ အရပ်သားသတ်ဖြတ်ခံရမှု၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုနဲ့ အရပ်သားပိုင်ပစ္စည်းတွေ သိမ်းယူခံရမှုတွေရှိခဲ့တယ် လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။

အင်းတော်–ဝန်းသို–ကောလင်း–ကျွန်းလှ–ကန့်ဘလူ လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းထိုးပြီး ကျေးရွာနဲ့ အရေးပါတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့ရက်စွဲနဲ့ စစ်တပ်ကထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ စစ်ကြောင်းဖြတ်သန်းသွားတဲ့ ကျေးရွာတွေမှာ အထိုင်တပ်စခန်းတွေ ချန်ထားခဲ့တာမရှိသလို စစ်တပ်က နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေကြား ကွာခြားမှုတွေရှိနေတယ်လို့ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“သတင်းလိုအရတော့ သူတို့ထုတ်ပြန်တာတော့ မှန်တော့မှန်ပါတယ်။ နယ်မြေရှင်းလင်းရေးပုံစံမျိုး လာတာ ဒီဘက်လမ်းကြောင်း တစ်လျှောက်ကို။ ဒါပေမဲ့ သူတို့က အထိုင်တပ်က မထားခဲ့ဘူးလေ တစ်နေရာမှ။ ထားလည်း မထားရဲဘူးနေမှာ။ ရွှေဘို–မြစ်ကြီးနားလမ်းအတိုင်းပဲ ဆင်းသွားတာပေါ့။ အခုတော့ ကန့်ဘလူနယ်ထဲမှာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်းတော်ကနေ ဝန်းသိုဘက်ကို ဝင်ရောက်ခဲ့ပြီး ဝန်းသိုကနေ အရပ်သားပိုင်းကားတွေနဲ့ ဆိုင်ကယ်တွေကို ချောဆွဲကာ ပြန်လည်ထွက်ခွာလာပြီး ကျောက်တန်းကျေးရွာမှာ အင်အားပြန်လည်စုစည်းခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ပြည်ထောင်စုလမ်းမကြီးအတိုင်း ကချင်ကုန်းနဲ့ ကုက္ကိုလ်ကုန်းကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် နှစ်ဖက်တပ်တွေအကြားထိတွေ့တိုက်ပွဲတွေလည်း ရှိခဲ့ပြီး စစ်တပ်က ကျေးရွာတွေကို ထိန်းချုပ်နိုင်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပေမဲ့ ဒီနေရာတွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းတွေမရှိဘူးလို့သိရပါတယ်။

“အဲ့ဒီလမ်းကြောမှာ စခန်းတွေက မရှိဘူး။ သူတို့စစ်ကြောင်းလာမယ်ဆိုကတည်းက တော်လှန်ရေးတပ်တွေက ပြောက်ကျား နည်းဗျူဟာအရ ဆုတ်ပြီးသားတွေပဲ။ သူတို့ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေတောင်မှ ရွာဆိုင်းဘုတ်လောက်ပဲ ဓာတ်ပုံရိုက် ရတာလေ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းတွေဟာ အင်းတော်မြို့နယ်အတွင်း ဖြတ်သန်းလာစဉ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ၁၀ ရက်ဝန်းကျင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကနေ ၁၇ ရက်အထိ အင်းတော်မြို့နယ်အတွင်း အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၇၀ ကျော် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ PDF မန္တလေးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းဖြတ်သန်းခဲ့တဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေအပြီး စစ်ကြောင်းပြန်လည် ထွက်ခွာ သွားချိန် အရပ်သားတွေရဲ့ နေအိမ်တွေ၊ လမ်းဘေးနဲ့ ရေနုတ်မြောင်းတွေမှာ ရုပ်အလောင်း ၅၀ ကျော်ကို တွေ့ရှိခဲ့ရပါသေးတယ်။

အဲဒီဖြစ်စဉ်တွေအပြင် စစ်ကြောင်းဝင်ရောက်စဉ် အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ အင်းတော်မြို့နယ် မဲဇာချောင်းအနီး အရပ်သားအမျိုးသားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ ထန်းတောကျေးရွာအနီး ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကိုလည်း KNG က ဖော်ပြခဲ့ပါတယ်။

အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ အဲ့ဒီဖြစ်စဉ်တွေဟာ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေကို ကာကွယ်ပေးရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ (IHL) နဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာစေပါတယ်။

အင်းတော်ကနေ ကောလင်း၊ ကန့်ဘလူဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာတဲ့အချိန်မှာလည်း အရပ်သားတွေရဲ့ နေအိမ်တွေ ကို မီးရှို့တာ၊ ကားနဲ့ ဆိုင်ကယ်တွေ သိမ်းယူတာတွေအပြင် ကောလင်းမြို့ဈေးတန်းက မသယ်ဆောင်နိုင်ခဲ့တဲ့ ပစ္စည်းတွေ၊ Power Station တွေ၊ ဆိုလာပြားတွေနဲ့ ဘက်ထရီအိုးတွေကိုပါ သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အဲဒီပစ္စည်းတွေကို သယ်ဆောင်ရာမှာ စစ်တပ်ရဲ့ စစ်သုံးယာဉ်တွေအပြင် စပါးတင်ကားနဲ့ ဆီတင်ကားတွေလို အရပ်သားကုန်တင် ယာဉ်တွေကိုပါ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

“အရပ်သားအိမ်တွေ မီးရှို့တာတွေ၊ ပြီးတော့မှ အရပ်သားတွေရဲ့ ကားတွေ ဆိုင်ကယ်တွေ သိမ်းခဲ့တာတွေ၊ ကောလင်းမှာ ဈေးတန်းက မသိမ်းနိုင်တဲ့ ပစ္စည်းတွေရယ်၊ Power Station တွေရယ်၊ ဆိုလာပြားတွေ၊ ဘက်ထရီအိုးတွေ သူတို့သယ်သွားတယ်။ သူတို့က ကားနဲ့ဆိုတော့လေ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။

တစ်ဖက်မှာ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ခမရ ၁၁၁ တပ်ရင်းက စစ်သားတချို့ကို ဒေသခံ တော်လှန်ရေး အဖွဲ့တွေက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Revolution IR က ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်သုံ့ပန်းတွေကို စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာမှာ မူးယစ်ဆေးဝါးသုံးစွဲစေပြီး အမိန့်မနာခံပါက ပစ်သတ်ခွင့်အထိ ခွင့်ပြုထားတယ်ဆိုတဲ့ အချက်တွေကို သိရှိခဲ့ရတယ်လို့ Kawlin Revolution IR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါအချက်တွေဟာ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အပေါ် အခြေခံထားတဲ့ တော်လှန်ရေးအဖွဲ့ရဲ့ ပြောဆိုချက်ဖြစ်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

စစ်တပ်ကတော့ ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းတစ်လျှောက် နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေး အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကြောင်းဖြတ်သန်းခဲ့တဲ့ ဒေသတွေမှာ အရပ်သားသေဆုံးမှု၊ နေအိမ်မီးရှို့ခံရမှုနဲ့ အရပ်သားပိုင်ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button