ဖားကန့်မှာ ခိုင်မာတဲ့ စစ်တပ်ဂိတ် ထပ်မံဆောက်လုပ်လာတဲ့အတွက် စစ်ရေးတင်းမာမှုရှိလာ

ဖားကန့်ဒေသမှာ အများပြည်သူအသုံးပြုသွားလာနေတဲ့ အေးမြသာယာ – ဆန်းကြွယ်လမ်းပိုင်းကို စစ်တပ်က ဂိတ်တိုးချဲ့ပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာမှုဆက်ရှိလာတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ယခုရက်ပိုင်းအတွင်း ဖားကန့် အေးမြသာယာထိပ်နဲ့ ဆန်းကြွယ်ရွာအထွက် နှစ်နေရာမှာ ဂိတ်တိုးချဲ့ဖို့ စစ်ရေးလှုပ်ရှားနေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

“ဖားကန့် အေးမြသာယာထိပ်မှာ ဂိတ်အသစ်လုပ်လာတယ်။ ပြီးရင် အဲ့ဒီအကျော်မှာ ဆန်းကြွယ်အထွက်နား ဂိတ်တစ်ခုထပ်လုပ်တယ်။ အဲ့ဒါကို တော်လှန်ရေးတပ်ဖွဲ့တွေက လုပ်လုပ်ချင်းမှာ ဒရုန်းနဲ့ သွားတိုက်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် ပြည်သူရှိနေတော့ မအောင်မြင်သလိုဖြစ်သွားတာပေါ့”လို့ပြောပါတယ်။

လက်ရှိ စစ်တပ်ဂိတ်ချဖို့ ပြင်ဆင်နေတဲ့ နေရာနှစ်ခုစလုံးဟာ  အေးမြသာယာရပ်ကွက်ကနေ ရှရှော်ခနဲ့ ဆန်းကြွယ်ကျေးရွာတွေကို သွားလာအသုံးပြုနေတဲ့ အဓိကလမ်းပိုင်းဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ စစ်တပ်က စစ်ဆေးရေးဂိတ်ချပြီး ငွေကောက်ခံဖို့ လုပ်ဆောင်လာတဲ့အတွက် ဖားကန့် ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မလိုလားဘဲ ကန့်ကွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“အခုက ယူမာလမ်းလည်းပိတ်ထားတော့ ဆိုင်းတောင်နဲ့ ဖားကန့် ကို သွားရင်လည်း ဒီအေးမြသာယာ – ဆန်းကြွယ်လမ်းကိုပဲ ပြည်သူတွေက ဖားပြင်စက်လှေဂိတ်ပတ်ပြီး လာရတာဖြစ်တယ်။ အဲ့ဒါကို စစ်တပ်က ဂိတ်ချပြီး ငွေကောက် ထိန်းချုပ်ဖို့လုပ်လာတာ”လို့ ဖားကန့်ဒေသခံပြည်သူ အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

PSA

အေးမြသာယာနဲ့ ဆန်းကြွယ်ကြားမှာ စစ်တပ်ဘက်က ယာယီဂိတ်ဖွင့်တဲ့ ပုံစံမဟုတ်ဘဲ ဘန်ကာကတုတ်ကျင်းတွေနဲ့ ခိုင်ခံံ့တဲ့ ဂိတ်နေရာချဖို့ ပြင်ဆင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နှောက်ယှက်ဖို့ ကြိုးပမ်းလာနေတာကြောင့် နှစ်ဖက်တပ် စစ်ရေးတင်းမာမှုရှိနေသလို အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။

ဖားကန့် ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဖားကန့်မြို့နဲ့ နီးတဲ့နေရာတစ်ဝိုက်မှာ ဖားကန့်မြို့ဝင် လယ်ပြင်ဂိတ်နဲ့ မရှီကထောင်ဘက်ခြမ်းက ပန်းတင်တံတား နှစ်ခုသာ အခိုင်အမာဆောက်လုပ်ထားတဲ့ ဂိတ်တွေဖြစ်ပြီး ကျန်စစ်တပ်ရှိနေတဲ့ နေရာတွေဟာ စစ်ရေးအရ ဝင်ရောက်တပ်စွဲထားတဲ့ အခြေအနေသာဖြစ်တယ်လို့ ပြောပါတယယ်။

အလားတူ လက်ရှိမှာ အေးမြသာယာနဲ့ ဆန်းကြွယ်ကြားမှာလည်း ပုံမှန်စစ်ဆေးရေးဂိတ်အဖြစ် ထားရှိဖို့ ဆောက်လုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဂိတ်နေရာ ဆောက်လုပ်နိုင်ဖို့ လုံးခြုံရေးတွေ တင်းကြပ်ထားကာ ဆောက်လုပ်ရာမှာ အသုံးပြုတဲ့  သဲ၊ ဘိလပ်မြေတွေ စတင်သယ်ယူထားပြီလို့လည်း ဆက်သိရပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ဝန်းကျင်လောက်ကနေ တိုက်ပွဲယာယီငြိမ်သက်သွားတာ ၅ လဝန်းကျင်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

အခုလို စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်လာတာကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ဖားကန့်ဒေသခံပြည်သူတွေ စိုရိမ်နေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button