ကုန်ပစ္စည်း
-
Sep- 2024 -5 Septemberသတင်း
ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ
ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ နှစ်လကျော်အကြာ ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းမှာ ဩဂုတ်လ ၂၈ ရက် နောက်ပိုင်း ကုန်ကားအသေးသွားလာခွင့်ရနေပြီး မြစ်ကြီးနားကနေ တက်သွားတဲ့ ကုန်ကားအကြီးတွေ ဆွမ်ပရာဘွမ့်မြို့နယ် ဆူယန်းကျေးရွာအထိသာ ရောက်ရှိနိုင်သေးတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပူတာအိုဘက်ကနေ ကားသေးတွေနဲ့ ဆူယန်းရွာကနေ တစ်ဆင့် ကုန်ပစ္စည်းတွေကို မြို့ထဲပြန်သယ်ယူနေရတယ်လို့ ပူတာအိုဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ကားအသေးတွေတော့ ပြန်တက်နေပြီ ဒါပေမယ့် ကားအကြီးတွေ တက်လို့မရသေးဘူး။ စက်သုံးဆီတွေဆိုရင်တော့ ပူတာအိုဘက်ကနေ ဆင်သွားတဲ့ ကားနဲ့ ကားကြီးတွေက လမ်းပျက်နေတဲ့ နေရာအထိ သွားပြီးတော့ ပိုက်တွေနဲ့ ပြန်စုပ်ပြီး ပူတာအိုဘက်ကို ပြန်သယ်ယူသွားရတယ်။ ကားကြီးတွေ ဆူယန်ဆိုတဲ့ ရွာအထိပဲရောက်နိုင်သေးတယ်”လို့ပြောပါတယ်။ ဆူယန်ရွာမှာ ပိတ်မိနေတဲ့ကုန်ကားကြီးတွေက ပူတာအိုမြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခုလို မြစ်ကြီးနား– ပူတာအိုလမ်းပိုင်း ကုန်ကားကြီးတွေ ပုံမှန်တိုင်းသွားလာလို့မရသေးတဲ့အတွက် လက်ရှိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်စျေးနှုန်းတက်နေတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “စက်သုံးဆီတော့ အနည်းငယ် မသိမသာလေးကျလာတယ်။ ဒါပေမယ့် ကုန်းပစ္စည်းတွေက လုံးဝမကျဘူး။ အခုက လမ်းမှာ တစ်ဆင့်ခံပြန်သယ်ယူရသေးတော့ တင်ခက စျေးများနေတာ အဲဒါကြောင့် ကုန်စျေးနှုန်းက နေ့တိုင်းတိုင်းလိုလိုတက်နေတာ”လို့ပြောပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးမှုကြောင့် လမ်းပိတ်မိနေတဲ့ နှစ်လအတွင်း ပူတာအိုမြို့မှာ စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံ တစ်သိန်း နှစ်သောင်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ခြားကုန်စျေးနှုန်းတွေလည်း စျေးအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၈ ရက် လမ်းပြန်ဖွင့်သွားတဲ့နောက်ပိုင်း တစ်ပတ်အတွင်းမှာ စက်သုံးဆီ တစ်ဂါလံ လက်ရှိပေါက်စျေး ၆၀၀၀၀ ကျော်အထိ လျှော့ကျသွားပြီးတော့ ကြက်ဥတစ်လုံးကို ၁၆၀၀ အထိရှိနေသေးတယ်လို့ သိရပါတယ်။ အခုလို ပူတာအိုဒေသမှာ ကုန်စျေးနှုန်းတက်နေတာဟာ တဆင့်ခံဝယ်ယူတဲ့ မြစ်ကြီးနားမြို့မှာတင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ရရှိနေသေးတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်း နေ့စဉ် တစ်ထောင်ကျော် အထက် စျေးနှုန်းမြင့်တက်နေတဲ့အတွက် ပူတာအိုဒေသလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာဒေသတွေမှာ ကုန်းစျေးနှုန်းထိုးတက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Aug- 2024 -30 Augustသတင်း
ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေပြတ်လပ်လာ
ကချင်ပြည်နယ် ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပြတ်လပ်မှုကြုံတွေ့နေရတယ်လို့ ချီဖွေဒေသခံတွေက KNGကိုပြောပါတယ်။ ချီဖွေမြို့ကိုရောက်ရှိလာတဲ အခြေခံကုန်စည်တွေဟာ အဓိကအားဖြင့်မြစ်ကြီးနားမြို့ကနေ တင်ပို့တာဖြစ်ပေမယ့်လည်း လက်ရှိ မြစ်ကြီးနား–မန္တလေးပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့မှာတောင် အခြေခံစားသောက်ကုန်တွေပြတ်လပ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် မြစ်ကြီးနားမြို့ကနေ ချီဖွေမြို့ကို ကုန်စည်တွေရောက်ရှိလာမှုနည်းပါးနေတဲ့အပြင် ကုန်ဈေးနှုန်းတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာတယ်လို့ ချီဖွေဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “တစ်နေ့တစ်နပ်ဘဲစားပြီး ဗိုက်ကိုကြိုးနဲ့ချီပြီးနေရမလိုတောင်ဖြစ်နေတယ်လို့တောင်အချင်းချင်းပြောနေကြတယ် အရမ်းဈေးကြီးသွားပြီ အကုန်လုံးက ဈေးကိုမြင့်တက်သွားတာ”လို့ ပြောပါတယ်။\ လက်ရှိ ချီဖွေမြို့ ဈေးတွေမှာ ငါးနဲ့ ကြက်သားတွေပြတ်လပ်နေပြီး ဝက်သားတစ်ခုတည်းသာရောင်းချနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေအကုန်ဈေးတက်သွားပြီး ခရမ်းချဉ်သီးတရုတ်မျိုး အလုံးကြီးတစ်လုံး ၃ထောင်ကျပ်၊ ပြည့်ဝဆီ၁ပိဿာ ၄သောင်း ၅ထောင်ကျပ် ငရုပ်သီးတစ်ထုပ်ကို၂ ထောင်ကျပ်ထိဈေးပေါက်နေတယ်လို့ သိရပါတယ်။ ဒီကုန်ဈေးနှုန်းတွေဟာ အရင်ကထက် နှစ်ဆ သုံးဆဝန်ကျင်မြင့်တက်သွားတာဖြစ်ပြီး သာမန်လယ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူတွေအတွက် ဆင်းရဲဒုက္ခကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို တစ်ဖက်မှာလည်း ဆေးဝါးတွေပြတ်လပ်လာခဲ့တာဘဲ ဖြစ်ပါတယ်။ “ဆေးရုံမှာ ဆေးတွေပြတ်နေတော့ ဆေးရုံလာပြတဲ့သူတွေအကုန်လုံးကို အပြင်ကဆေးတွေဝယ်ခိုင်းတယ် သိတိုင်းအတိုင်းဘဲ အပြင်ကဝယ်ရတော့ဈေးက ပိုကြီးတယ် ပိုက်ဆံရှိတဲ့သူတွေဘဲ ဝယ်စုထားကြတာ”လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ အဓိကအားဖြင့် မြစ်ကြီးနား–မန္တလေးလမ်း ပိတ်နေတာဟာ မြစ်ကြီးနားမြို့တစ်ခုတည်းတင်မဟုတ်ဘဲ မြစ်ကြီးနာမြို့ကနေ ကုန်စည်တွေတင်ပို့နေရတဲ့ ချီဖွေလို မြို့တွေမှာပါ အခြေခံစားသောက်ကုန်စည်တွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ကြုံတွေ့နေရတာဘဲ ဖြစ်ပါတယ်။ ချီဖွေမြိုဟာ မြစ်ကြီးနားမြို့အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာမှာတည်ရှိတာဖြစ်ပြီး တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့တော့ မိုင်၄၀ခန့်သာ ကွာဝေးတာဘဲ ဖြစ်ပါတယ်။ မြစ်ကြီးနားနဲ့ပန်ဝါမြို့အကြားမှာရှိတဲ့ ချီဖွေမြို့ဟာ တရုတ်နယ်စပ် ပန်ဝါနဲ့ ပိုပြီးနီးပေမေယ့် လက်ရှိ မြန်မာငွေစျေးထိုးကျနေပြီး တရုတ်ယွင်ငွေတက်နေတာကြောင့် အခြေခံစားသောက်ကုန်တွေအားလုံး မြစ်ကြီးနားကနေ အဓိကတင်သွင်းတာလည်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် စက်တင်ဘာလ၃၀ရက်နေ့ မြစ်ကြီးနားခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ချီဖွေမြို့ဟာ လူဦးရေအားဖြင့် ၂၁၄၅၀ဦးရှိတာဖြစ်ပြီး စတုရန်းမိုင်ပေါင်း (၁၃၂၄.၀၉)မိုင်ကျယ်ဝန်းတာ ဖြစ်ပါတယ်။ By – Hope
Read More » -
5 Augustသတင်း
နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေ
ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ဝယ်ယူဖို့ခက်ခဲလာတဲ့အခြေနေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းပျက်စီးသွားတဲ့နောက်ပိုင်း ကုန်ကားအဝင်မရှိတော့အတွက် ပူတာအိုမြို့ထဲမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားတဲ့အပြင် လေယာဉ်နဲ့တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေကလည်း ကုန်စျေးနှုန်းမြင့်တက်ဒေသခံပြည်သူတွေဝယ်ယူစားသုံးဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ထဲ ကုန်ကားအဝင်မရှိတော့တာ ၁ လကျော်လောက် ကြာမြင့်သွားတဲ့အတွက် ပူတာအိုမြို့ကနေ တဆင့်ခံဝယ်ယူစားသုံးနေကြတဲ့ နောင်မွန်းဒေသခံတွေက အခြေခံ စားသောက်ကုန်ပြတ်လပ်သွားတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ပူတာအိုနဲ့ နောင်မွန်ကြားမှာ တစ်ပတ်မှာ တစ်ကြိမ်လောက်က ကုန်ကားတွေရှိပါတယ်။ ကုန်မရှိလို့တဲ့ ဘာမှမရောင်းတော့ဘူး။ တစ်ပိဿာ ဗူးတစ်တစ်ခုက သုံးသောင်း နှစ်ထောင်လောက်ရှိတယ်။ ပြီးရင် ကြက်သွန်ဖြူ၊ အနီးကလည်း ကျနော်တို့က မဝယ်စားနိုင်လို့ မဝယ်စားတာကြာပြီ။ အခုက ရှိတောင်မရှိတော့ဘူး။ အခုက ရှိတဲ့ သူတွေဆီကနေ နည်းနည်းစီ တောင်းစားနေကြတာ”လို့ပြောပါတယ်။ လက်ရှိ နောင်မွန်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဒေသထွက်ဆန်တစ်ခုတည်းကိုသာဖြစ်သလို စားသုံးနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုမြို့နဲ့ နောင်မွန်အထိ ပုံမှန်တက်နေတဲ့ လိုင်းကားတွေကလည်း ပူတာအိုမှာကုန်ပစ္စည်းအဝင်နည်းသွားတာကြောင့် ကုန်ပစ္စည်းတင်စရာမရှိသည်သာတင်မက စက်သုံးဆီ ရရှိဖို့ ခက်ခဲသွားတာကြောင့် အရင်လိုနေ့တိုင်းတက်တဲ့ လိုင်းကားသမားများတစ်ပတ်မှာ တစ်ကြိမ်လောက်သာ သွားနိုင်တော့တယ်လို့ နောင်မွန်းဒေသခံက ဆက်ဆိုပါတယ်။ “ကုန်ကားတစ်စီးက တစ်ပတ်မှာ တစ်ကြိမ်လောက်တောင် မတက်လာနိုင်တော့ဘူး။ ကုန်လည်းမရှိဘူးတဲ့ ပြီးရင် လူလည်း သွားသွားလာလာမရှိတော့ဘူး။ စက်သုံးဆီ ဒီဇယ်တစ်ဂါလံကို ခြောက်သောင်းရှိတယ်။ ပူတာအိုနဲ့ နောင်မွန်သွားရင် ၁၅ ဂါလံလောက်ကုန်တယ်။ အဲဒါကြောင့် လိုင်းကားဆွဲတဲ့ သူတွေက မကိုက်ဘူးဆိုပြီး တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ကုန်ကားတွေ ရောက်တော့တယ်”လို့ ပြောပါတယ်။ နောင်မွန်ဒေသခံပြည်သူတွေလက်ရှိမှာ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူစားသုံးနိုင်ဖို့ ခက်ခဲနေသလို စက်သုံးဆီတွေလည်း ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နောင်မွန်းဒေသခံပြည်သူတွေ အရင်ပူတာအိုမြို့ထဲကို ဆင်းရင် အသွားအပြန် တစ်သိန်းဝန်းကျင်လောက်သာ ကုန်ကျပေမယ့် လက်ရှိ အသွားအပြန် တစ်ခေါက်စာကို လေးသိန်းလောက် ကုန်ကျတာကြောင့် သွားလာဖို့လည်း ခက်ခဲနေတယ်လို့ ဆက်သိရပါတယ်။ အခုလို သွားလာရေးတွေခက်ခဲသွားတာကြောင့် ဒေသထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ရပ်တန့်သွားရပြီး ငွေကြေးအခက်ခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပူတာအိုခရိုင်ထဲမှာရှိတဲ့ နောင်မွန်၊ မချမ်ဘော စတဲ့ မြို့နယ်တွေက အခြေခံစားကုန်တွေကို ပူတာအိုမြို့ပေါ်ထဲကနေ တဆင့်ခံ ဝယ်ယူစားသုံးနေကြတာဖြစ်တဲ့အတွက် အခုလို ကုန်ပစ္စည်းပြတ်လပ်သွားတဲ့ အခက်အခဲကို ကြုံတွေ့နေတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီက ပူတာအိုမြို့နယ်ထဲမှာ စားသောက်ကုန် ဖူလုံရေးအတွက် ကုန်ပစ္စည်းတွေကို လေကြောင်းနဲ့ တင်ပို့ပေးတာတွေရှိပေမယ့် ကုန်စျေးနှုန်းတွေ အရင်စျေးနှုန်းထက် ၃ ဆလောက်မြင့်တက်သွားတာကြောင့် ပြည်သူတွေက ဝယ်ယူစားသုံးဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။ နောင်မွန်မြို့ထဲမှာ ဆန်တစ်အိတ်ကို နှစ်သိန်း ခုနှစ်သောင်း၊ စက်သုံးဆီ တစ်ဂါလံ ခြောက်သောင်းကျော်၊ ကြက်သွန်နီ/ဖြူ တစ်ပိဿာ သုံးသောင်းခွဲ ၊ ငရုတ်သီး တစ်ဗူး ငါးထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။ အလားတူ ပူတာအိုမြို့ပေါ်မှာလည်း ကုန်စျေးနှုန်းမြင့်တက်မှု၊ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်သူတွေက အဖက်အဖက်မှာ အကြပ်အတည်းတဲ့ ကာလကို ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ပူတာအိုဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မတ်လကတည်းက မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ့်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကားလမ်းပိုင်းကို ၃ လခန့် နှစ်ဖက်စစ်တပ်က ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပူတာအိုမြို့နယ်ထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီကို ပြတ်တောက်သွားတာကြောင့် ဇွန်လမှာ နှစ်ဖက်စစ်တပ်ရဲ့ ညှိနှိုင်းမှုနဲ့ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို အကန့်အသတ်နဲ့ သယ်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင် လဆန်းပိုင်းမှာတင် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်း ရေတိုက်စားပြီး မြေပြိုမှုတွေဖြစ်ကာ လမ်းပိုင်းပျက်စီးနေတာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသခံပြည်သူတွေဟာ ကားလမ်းပိုင်းပျက်စီးမှု၊ ဖုန်းအဆက်အသွယ်ခက်ခဲမှု၊ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှု စတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jun- 2024 -7 Juneသတင်း
ပူတာအိုကို ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့သိရ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG ရဲ့အကူအညီနဲ့ ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့အတွက် ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားသမားတွေဆီက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစ ဆွမ်ပရာဘွမ်မြို့မှာဖြစ်ပွားခဲ့တဲ့ချိန် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်ရဲ့တိုက်ပွဲအခြေနေတွေကြောင့် နှစ်ဖက်တပ်တွေက အဲ့ဒီကားလမ်းပိုင်းသွားလာခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ ကားလမ်းပိတ်ထားတဲ့ ၃ လဝန်းကျင်ကြာလာချိန် ပူတာအိုမြို့နယ်မှာတော့ ကုန်ပစ္စည်းတွေပြတ်လပ်နေပြီဖြစ်တာကြောင့် ပူတာအိုမြို့နယ်ဒေသခံတွေအတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေကို ကုန်ကားတစ်ချို့နဲ့ တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ သို့သော် ဒီအခြေနေဟာ ကားလမ်းကို တရားဝင်လွတ်လပ်စွာသွားလာခွင့်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ အကန့်အသတ်နဲ့သာသွားခွင့်ရတာဖြစ်တယ်လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားသမားတစ်ဦးကအခုလိုပြောပါတယ် “ လမ်းက ဖွင့်တာမျိုးတော့မဟုတ်ဘူး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေပေါင်းပြီးတော့ ကားအသေးတစ်ချို့ရယ် ကုန်ကားတစ်ချို့သွားလို့ရအောင်ပေါ့ ကားတွေဘာတွေကတော့ပြင်ဆင်ပြီးသွားပြီ တစ်ကြောင်းတက်သွားမှာပေါ့ တင်ရမယ့်ကုန်တွေကလည်းအကန့်အသတ်ရှိတယ် အဓိကက စားသောက် ကုန်တွေပေါ့ ပြောချင်တာကတော့ ပူတာအိုကို ရိက္ခာသွားပို့ပေးတဲ့သဘောမျိုးပဲ တစ်ကြောင်းစာ ပုံစံမျိုးပဲ” ပူတာအိုဒေသခံတွေအတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်တစ်ချို့သာတင်ပို့မယ်လို့သိရပြီး စက်သုံးဆီတွေတော့တင်ပို့မယ့်အခြေနေမတွေ့ရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ တစ်ဖက်မှာ လက်ရှိပူတာအိုကိုတက်မယ့်ကုန်ကားတစ်ချို့အတွက်လည်း စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်နဲ့အတူတင်ပို့ရမယ့်အခြေနေဖြစ်တယ်လို့သိရပါတယ်။ “နယ်လုံတွေဘာတွေတောင်းပြီးသွားလို့ရမယ်ပြောတယ် ဒါပေမဲ့ တက်ခွင့်ပေးပေမဲ့စာတွေတော့ ရောက်မလာ သေးဘူး စာတွေတော့တောင်းထားတာ မနေ့ကတော့မကျသေးဘူးတဲ့ ဒီနေ့ညနေ ပိုင်းတော့ကျမလား မသိဘူး “အထက်မှာဖော်ပြတဲ့ ကားသမားက ဆက်ပြောပါတယ်။ ဒီအခြေနေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် PCG ကို KNG ကဆက်သွယ်ချိန်မှာတော့ PCG ရဲ့တာဝန်ရှိသူ တစ်ဦးကအခုလိုပြောပါတယ်။ “ဘယ်လိုအခြေနေမှန်းလည်းသိသေးဘူး အခုလောလောဆယ်ကတော့ ဘာမှပြောလို့တော့မရသေးဘူး အခြေနေအရထွက်သွားတဲ့အခါမှာပဲပြောလို့ရမယ် ကြိုးစားနေတာတော့မှန်ပါတယ်။ ဒါပေမဲ့လည်း ဘယ်နေ့ဘယ်အချိန် ဘာဖြစ်မယ် ဘယ်လိုထွက်သွားဘယ်လိုလုပ်မယ်ဆိုတာပြောလို့မရသေးဘူး”လို့ပြောပါတယ်။ မြစ်ကြီးနား–ပူတာအို လမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ရဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေက မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကိုပိတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို ဖွင့်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်မခံဘဲ ဒီကနေ့ ၃ လနီးပါးကြာသည်အထိ လမ်းပိုင်းကပိတ်နေခဲ့တာဖြစ်ပါတယ်။ By – အမိုး
Read More » -
May- 2024 -23 Mayသတင်း
မန္တလေး- ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာချိန် ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်
မန္တလေး– ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာတာနဲ့အမျှ ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ကုန်စည်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဗန်းမော်မြို့မှာ ကုန်တင်ကားတွေမဝင်တော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်လာပြီလို့ စျေးသည်တစ်ယောက်က KNG ကိုပြောပါတယ်။ “ပစ္စည်းတွေကိုသိုလှောင်ပြီး မရောင်းကြတော့ဘူးလေ ရှိတာဟာလေးတွေကိုဘဲ ရောင်းတယ်ပေါ့နော်၊ ကျွန်မတို့ မြို့အနေနဲ့ကျတော့လည်း ဘယ်အချိန်ဘာဖြစ်လာမယ်မှန်းမသိလို့ လမ်းပန်းဆက်သယ်ရေးမကောင်းတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ ယူပြီးမှ ရောင်းလို့မရဘူး။တကယ်ယူရောင်းမယ်ဆိုရင်လည်း လမ်းခရီးခက်ခဲတယ်ကြန့်ကြာတယ် ပြီးရင် သယ်ယူစရိတ်တွေမြင့်တက်တဲ့အတွက် ကုန်ဈေးနှုန်းတွေလည်းတက်လာမှာပေါ့” လက်ရှိ ဗန်းမော်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ယာယီစစ်ရှောင်ပြည်သူတွေလည်းရှိနေပြီး လူဦးရေပိုမိုများလာတဲ့အတွက် ဝယ်လိုအားများနေပြီး ကုန်ပစ္စည်းတွေအရင်လို ပေါပေါများများမရှိတော့ဘဲ ဈေးနှုန်တွေလည်း မြင့်တက်လာတယ် လို့ဆိုပါတယ်။ ဒါ့အပြင် စက်သုံးဆီကားကြီးတွေလည်း မဝင်တော့တဲ့အတွက် ဗန်းမော်မှာ စက်သုံးဆီတွေကို အချိန်ပိုင်းနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “ဗန်းမော်မှာ ဆီတွေက အရင်လှောင်ထားတဲ့ ဆီတွေကိုဘဲ အချိန်ပိုင်းနဲ့ ရောင်းတယ်ဆိုတဲ့ သဘောနဲ့ဘဲရောင်းနေကြတာ ရောင်းပေမယ့်လည်း အလေးချိန်မပြည့်ဘူး၊ ကားသော်လည်းကောင်း ဆိုင်ကယ်သော်လည်းကောင်း အပေါက်ဝမှာတည့်ပြီး ညှစ်လိုက်တာနဲ့ ခဏလေးဆိုပြည့်ပြီ အရင်က ၆၀၀၀ ဖိုးလောက်ဆို ဆီအပြည့်ရတာ၊ အခု ၁သောင်းဖို့ထည့်လည်း မပြည့်ဘူး၊ တဝက်သာသာဘဲရတယ်”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ကြက်သား ၁ပိဿာ ၁၉၀၀၀ ကျပ်၊ အိမ်ကြက် ၂၄၀၀၀ကျပ်၊ အမဲသား ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥ ၁လုံး ၃၀၀–၅၀၀ ကျပ်၊ ဆီ ၄၀သား တစ်ဘူး ၅၅၀၀ ကျပ်၊ ဆန် ၆ပြည် ၅ သောင်းကျပ်၊ ဒေသဆန် ၁ပြည် ၄၀၀၀ ကျပ်ရှိနေပြီး ဆန်ဈေးက ကားလမ်းပိတ်ပြီးနောက်ပိုင်း ဆန်တစ်အိတ်ကို ၁ သောင်းခွဲထိမြင့်တက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မှာ ကားလမ်းတွေအနေနဲ့ ဗန်းမော်–ရန်ကုန်၊ ဗန်းမော်–မန္တလေး၊ ဗန်းမော်–မြစ်ကြီးနား၊ ဗန်းမော်–ရွှေကူ၊ ဗန်းမော်–ကသာ စတဲ့ လမ်းပိုင်းတွေရှိပေမဲ့ အဝင်အထွက်မရှိတာ ၁၀ ကျော်ကြာလာပြီး တစ်ချို့ကားသေးတွေကတော့ တစ်ခြား ကွင်းလမ်းဘက်ကနေ သွားတာမျိုးရှိသလို ဗန်းမော်ကနေ ကောင်းတုံရွာထိစက်လှေတွေနဲ့သွားကြီပြီးတော့ အဲ့ကတစ်ဆင့် ရွှေကူ၊ ကသာထိသွားကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ By – Bu Bu
Read More » -
Aug- 2023 -9 Augustသတင်း
ဗန်းမော်-လွယ်ဂျယ် ကုန်ပစ္စည်းတင်သွင်းခွင့် စစ်တပ်က ရက်အကန့်အသတ်မရှိပိတ်ပင်
ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာ ကုန်ပစ္စည်းတင်သွင်းခွင့်ကို စစ်တပ်က ရက်အကန့်သတ်မရှိပိတ်ပင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၆ ရက်နေ့ကနေစပြီး ဗန်းမော်-လွယ်ဂျယ်အဝင်အထွက်တွေကို စစ်ဆေးရေးပိုမိုတင်းကြပ်လာတဲ့အပြင် ကုန်တင်သွင်းခွင့်ကိုလုံးဝပိတ်ပင်လိုက်တဲ့အပြင် ခရီးသည်တစ်ဦးကိုလည်း ခရီးဆောင်အိတ်တစ်အိတ်သာ သယ်ခွင့်ပြုနေတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…
Read More »