မြစ်ကြီးနားမှာ စက်သုံးဆီရည်ညွှန်းဈေးရှိပေမယ့်  ဆီဈေးမကျသေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာ ၆,၀၀၀ ကျပ် သတ်မှတ်ထားပေမယ့် လက်တွေ့မှာတော့ ပေါက်ဈေးနဲ့သာ ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနဲ့ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ညွှန်ကြားရေးမှူးတို့ဟာ မကြာသေးခင်ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ မြစ်ကြီးနားမြို့မှာ စက်သုံးဆီကို ရည်ညွှန်းဈေးနဲ့ ဝယ်ယူလို့မရပဲ တစ်လီတာလျှင် ကျပ် ၁၁,၈၀၀ ဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ မြစ်ကြီးနားမှာနေထိုင်သူတွေက ဆိုပါတယ်။

ရည်ညွှန်းဈေးနဲ့ ရောင်းတာကို အမြဲမတွေ့ရဘူး။ တာဝန်ရှိသူတွေ လာစစ်တဲ့အချိန်မျိုး၊ ဒါမှမဟုတ် ခွဲတမ်းနဲ့ ရောင်းတဲ့အချိန်လောက်ပဲ ရနိုင်တယ်။ ပုံမှန်အချိန်တွေမှာတော့ ပေါက်ဈေးနဲ့ပဲ ဝယ်နေရတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် ဆိုင်ကယ်၊ ကားအသုံးပြုသူတွေအပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနဲ့ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကိုပါ များစွာထိခိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာတော့ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ KNG ကို ပြောပါတယ်။

ဆီတင်ယာဉ်တွေ မြို့ထဲဝင်လာတဲ့အချိန်မှာ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကျစရိတ်တွေ ရှိနေတယ်။ အဲဒီလို ကုန်ကျစရိတ်တွေကြောင့် သတ်မှတ်ဈေးနဲ့ ရောင်းချဖို့က လက်တွေ့မှာ အခက်အခဲရှိနေတယ်လို့ အဆိုပါ ဆီဆိုင်ပိုင်ရှင်က ပြောပါတယ်။

မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်အပါအဝင် စစ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီတင်ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ ကုန်ကျမှုတွေရှိနေတယ်လို့လည်း အထက်ဖော်ပြပါ ဆီဆိုင်ပိုင်ရှင်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က စက်သုံးဆီ ချွေတာသုံးစွဲရေး၊ ဝယ်ယူစုဆောင်းခြင်းနဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ဖို့ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် မြစ်ကြီးနားမြို့မှာတော့ လက်ရှိအချိန်ထိ သတ်မှတ်ဈေးထက်များတဲ့ ဈေးနှုန်းတွေနဲ့သာ ဝယ်ယူသုံးစွဲနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးအခြေအနေတွေနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် စက်သုံးဆီတင်သွင်းမှုနဲ့ ဖြန့်ဖြူးရောင်းချမှုတွေမှာ အခက်အခဲတွေ ရှိနေတာလည်းဖြစ်ပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း စက်သုံးဆီရရှိရေးနဲ့ ဈေးနှုန်းမြင့်တက်မှုဟာ ဒေသခံတွေအတွက် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်လာပြီး သွားလာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေများစွာရှိနေတယ်လို့ မြစ်ကြီးနားပြည်သူတွေပြောပါတယ်။

By – Zami

Show More

Leave a Reply

Back to top button