ဗန်းမော်

  • Dec- 2024 -
    9 December
    သတင်း

    ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗန်းမော်မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့စပြီး ရေလမ်း၊ကုန်းလမ်းကနေ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။  “ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ် ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာလို့ ခုမြို့ထဲမှာက အိမ်စောင့်လောက်ပဲ တစ်ချို့ကျန်နေတာ အများပိုင်းတိမ်းရှောင်နေကြပြီ။ ခန့်မှန်းခြေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီ”လို့ ပြောပါတယ်။ ဗန်းမော်မြို့ခံတွေဟာ ဗန်းမော်တစ်ဖက်ကမ်း ရေလဲ၊နန့်ခုတ်၊မိုင်းခေါင်၊ ဟန်ထက် စီခမ်းကြီးဘက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဗန်းမော်–ရွှေကူ–ကသာလမ်းကနေ ရွှေဘို– မန္တလေးဘက်တိမ်းရှောင်သူတွေရှိတယ်လို့ သိရပါတယ်။ ဒီနေ့ထိ KIA ပူးပေါင်းတပ်ဘက်က မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံးနဲ့နည်းပညာတက္ကသိုလ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ပြီး သိမ်းပိုက်ရရှိထားပြီလို့လည်း သတင်းထွက်နေပေမယ့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ဝင်းထဲမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်လည်း ဖွင့်ပေးလိုက်ပြီလို့သတင်းထွက်နေပေမယ့် အကျဉ်းထောင်ရှိရာ စကခ ၂၁ ကိုထိုးစစ်ဆင်တိုက်ခိုက်နေဆဲသာဖြစ်လို့ သတင်းမှန်ကန်မှုမရှိနိုင်ဘူးလို့လည်း ဒေသခံတစ်ချို့ပြောပါတယ်။ “သိပ်တော့မမှန်နိုင်ဘူးဗျ။ဖွင့်ပေးလိုက်တာမျိုးမဟုတ်ပဲ တစ်ချို့လွတ်ရက်နီးလာတဲ့သူတွေကို မိသားစုကိုလာကြိုဖို့ပြောတာမျိုးတော့ ကြားမိတယ်။ အဲသတင်းကတော့ မမှန်နိုင်ဘူး”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ ဒီနေ့ထိ  ဗန်းမော်မြို့နဲ့ မံစီမြို့နယ်အကြားမှာရှိတဲ့ ခလရ ၄၇ တပ်နဲ့ မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တွေကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းစခန်း ၇ ခုကိုသိမ်းပိုက်ပြီးနောက် မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းနဲ့ ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇ နဲ့ မြို့တွင်းတပ် စကခ ၂၁ ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ၊ကျေးရွာအုပ်စု ၄၁ စု၊ကျေးရွာပေါင်း ၇၁ ရွာနဲ့ဖွဲ့စည်းထားပြီး လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ခန့်နေထိုင်တယ်လို့ သိရပါတယ်။  ဗန်းမော်မြို့နယ်ရဲ့အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာရွှေကူ၊တောင်ဘက်မှာ မံစီမြို့နယ်၊မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 9 December
    သတင်း

    ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္က ဗိုလ်ချူပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၈ ရက်နေ့  မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရင်းအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “KIO က တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော် သွားတော့သွားလိုက်တယ် မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်။”လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်တွင်းရှိ တရုတ်–မြန်မာနယ်စပ်တစ်ကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIAထိန်းချူပ်ထားပြီး လက်ရှိ ဗန်းမော်မြို့နဲ့မံစီမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ ခုလို KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်တာဟာ ဗန်းမော်တိုက်ပွဲရပ်တန့်ပေးဖို့ ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ဖို့ ညှိနှိုင်းတာလည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့ကချင်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက ခုလိုပြောပါတယ်။ “အကြောင်းအရင်းက ၂ ခုဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံးဖွင့်မယ့်ကိစ္စတိုင်ပင်လာနိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ ဒါပေမယ့် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးအင်ဖန်နော်ဘူပြောတာက တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကြား တစ်လ(သို့မဟုတ်) ၂ လ တစ်ကြိမ် ပုံမှန်တွေ့ဆုံမှုသာဖြစ်နိုင်တယ်လို့ ပြောပါတယ်။  ကချင်အထူးဒေသ (၁) နယ်မြေမသိမ်းပိုက်ခင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်ဘက်က တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KIA က တရုတ်ဖိအားတွေကြား မြေရှားသတ္တုထွက်ရှိရာ ကချင်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စတဲ့နယ်စပ်ကုန်သွယ်ရေး ဒေသအားလုံး သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကစ  တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့  မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့ကို  ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် လားရှိုးမြို့အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီ ဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တစ်ဖက်က တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့ တို့ဟာ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရန် တပ်ဖွဲ့နှစ်ဖွဲ့လုံး ထုတ်ပြန်စာအသီးသီး ထုတ်ပြန်ထားပြီလည်း ဖြစ်ပါတယ်။ တရုတ်– မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာ မလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 6 December
    သတင်း

    ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ

    “လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။

    Read More »
  • 5 December
    သတင်း

    ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်– မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော်  KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့…

    Read More »
  • 5 December
    သတင်း

    ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ

    ဗန်းမော်မြို့  ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန် ၃ မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “KIA တွေဝင်လာပြီဆိုတာ ဘယ်သူသတင်းပေးလိုက်လဲမသိ  လေယာဉ်လည်းလာကြဲတယ် နှစ်ဖက်တပ်က မနေ့ကတော်တော်လေး ပစ်ခတ်မှုဖြစ်သွားတယ်။ စစဖြစ်ချင်းက ပြည်သူတွေတစ်ဖက်ကမ်းပြေးတဲ့သူပြေး၊ မြို့ထဲပြေးတဲ့သူပြေးနဲ့ပြေးကြတာ။ ဒါပေမယ့် မနေ့ ညနေပိုင်း KIA ဘက်က တစ်ခြားနေရာရွှေ့သွားပြီ အဲဒါကိုစစ်တပ်က အဝင်အထွက်အားလုံးပိတ်ချလိုက်တာ”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ၃ မိုင်ရပ်ကွက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၊ဆိုင်တစ်ချို့၊စာသင်ကျောင်းဆောင်၊ ရပ်ကွက် ခန်းမဆောင်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာတော့ ရပ်ကွက်တွင်းတိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က ရပ်ကွက်အဝင်ထွက်အားလုံးပိတ်လိုက်တဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်ထားပေးတယ်လို့ နောက်ထပ် ၃ မိုင်ဒေသခံတစ်ဦး ဆက်ပြောပါတယ်။ “ခု မီးလည်းဖြတ်ပေးလိုက်ပြီ အားလုံးက အိမ်ထဲမှာပဲ တံခါးပိတ်ပြီးနေနေကြတယ်။ အတော်များများတော့ ပိတ်မိနေတယ်။ မြို့ဘက်နဲ့မြစ်တစ်ဖက်ကမ်းကို ပြေးသွားနိုင်တာ အနည်းအကျဉ်းပဲရှိတယ်။ ခုက ရပ်ကွက်တစ်ခုလုံး ထွက်လို့လည်း မရဘူး ထွက်တာနဲ့ သေနတ်နဲ့လိုက်ပစ်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ၃ မိုင်ရပ်ကွက်အဝင်ထွက်ပိတ်ထားတဲ့အပြင် ရပ်ကွက်လမ်းကြားပါမကျန် ကင်းစောင့်နေပြီး ရပ်ကွက်ထဲထွက်လာသူမှန်သမျှကို ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ မနေ့ဝင်ရောက်လာချိန် တိုက်ပွဲရုတ်တရုတ်ဖြစ်သွားတာကြောင့် စျေးသည်တွေနဲ့ခရီးသွားတစ်ချို့ လမ်းမတစ်လျှောက်ပိတ်မိသွားသူများလည်းရှိပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ၃ မိုင်ရပ်ကွက်ဟာ အိမ်ခြေ ၆၀၀ ထက်မနည်းရှိပြီး လူဦးထောင်ချီရှိတဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တာကြောင့် လက်ရှိပိတ်မိသူတွေလည်း ထောင်ချီရှိနိုင်တယ်လို့ ၃ မိုင်ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။ By – Zami

    Read More »
  • 5 December
    သတင်း

    ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊  မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစတင်ဖော်ဆောင်လိုက်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ တပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးထာတဲ့ ကာကင်းစခန်းငယ် ၇ ခု သိမ်းပိုက်ရှင်းလင်းဆောင်ရွက်နိုက်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ကသိမ်းတဲ့ထဲမှာ တပ်စခန်းအကြီးတွေတော့မပါဘူး။ ကာကင်းစခန်းအငယ်တွေလောက်ပဲသိမ်းတယ် ကားကင်းစခန်း ၇ ခုလောက်တော့ရှိမယ်။ ဗန်းမော်တက္ကသိုလ်အပါပေါ့လေ။ ဒီမနက်မှာလည်း အစေားကြီးကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ မံစီဘက်မှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်၊ မံစီ နဲ့ မိုးမောက် ၃ မိုင်၊ ၄ မိုင် စတဲ့ စစ်မျက်နှာ ၃ ခုမှာ ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ နှစ်ဖက်တပ်အပြန်အလှန်တိုက်ပွဲပြင်းထန်နေသလို မြို့ပြင်နေရာတစ်ချို့မှာ လက်နက်ကြီးကျကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIA တပ်ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ ကာကင်းစခန်းတွေကို ရှင်းလင်းဆောင်ရွက်နေပြီး တပ်စခန်းကြီးတွေ ထပ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖော်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီအထိ မြို့တွင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲနေရာဘက်ကို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့က တစ်ရက်အတွင်း စစ်မျက်နှာ ၃ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအသေးစိတ် သိရဖို့ ခက်ခဲနေပါတယ်။ ဗန်းမော်ဒေသခံပြည်သူအများပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဘေးလွတ်ရာကို ရေကြောင်း၊ ကုန်းကြောင်း ရရာနည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေရဲ့ လမ်းပိတ်ဆို့ခံရမှု ကြုံတွေ့နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဗန်းမော်ခရိုင်အဖြစ် မိုးမောက်၊ဗန်းမော်၊ မံစီ၊ရွှေကူမြို့နယ် ၄ ခုပါဝင်ပြီး မိုးမောက်မြို့နယ်ကို ဩဂုတ်လမှာသိမ်းပိုက်ထားပြီဖြစ်ပါတယ် ဒါ့အပြင် ဗန်းမော်မြို့က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အချက်ချာကျသလို သင်္ဘောဆိပ်ရာရှိရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 4 December
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်

    ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့– မံစီမြို့အကြားတပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့– မိုးမောက်ဘက် ၃ မိုင်နေရာမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးနေကြပေမယ့် နေ့လည် ၁ နာရီဝန်းကျင်ကစလို့  စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီးပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “မြို့ထဲမှာတော့လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေပြည်သူတွေကိုလည်းထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီးပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီးပြန်လှည့်ခိုင်းတာတွေလုပ်တယ်။”လို့ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကမ်းနားလမ်းကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတစ်ချို့ထွက်ခွာခွင့်ရလိုက်ပေမဲ့ နေ့လည် ၁နာရီဝန်းကျင်ကစပြီး စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစပြီး ဗန်းမော်–မံစီအကြားက စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းတစ်ချို့အပါအဝင် ဗန်းမော်မြို့နဲ့ ၄  မိုင်အကွာလောက်က ဗန်းမော်တက္ကသိုလ်ကိုပါသိမ်းပိုက်ထားပြီလို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဗန်းမော်မြို့တွင်း ရဲစခန်းအနီးတစ်ဝှိုက်မှာလည်း ပစ်ခတ်သံတစ်ချို့ကြားနေ ရတယ်လို့သိရပြီး ဒီကနေ့ထွက်ခွာမယ့် လေယာဥ်ခရီးစဥ်အားလုံးလည်းရပ်နားထားရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “လေကြောင်းလိုင်းကတော့အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ကြားပါတယ်။ ဒီအခြေနေမတည်ငြိမ်လို့ ခရီးစဥ်သွားဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ကြားတယ်။ နေ့လည်ပိုင်းလောက်မှာ ပစ်ခတ်သံတွေကငြိမ်သွား သေးတယ်။ ဒါပေမဲ့ နေ့လည်လောက်မှာ ရဲစခန်းကနေလည်းသေနတ်သံတွေထွက်နေတယ်။ သူတို့ဘက်က လည်း တစ်ခါတစ်လေရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ကေအိုင်အေဝင်လာတာလားဆိုတာတော့မသိဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်ပိုင်း ၅ နာရီကစလို့ ဗန်းမော်–မံစီမြို့ ပတ်ပတ်လည်က စစ်ကောင်စီတပ် စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မံစီမြို့တစ်ဝှိုက်ကို လေကြောင်းအသုံး ပြုတိုက်ခိုက်တာ ၅ ကြိမ်တိတိရှိပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ တစ်ဖက်မှာ ဒီကနေ့ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဗန်းမော်မြို့ကို ဦးတည်သိမ်းပိုက်ဖို့စတင်လိုက်တဲ့တိုက်ပွဲ လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ကုန်းကြောင်း အချက်ချာကျတဲ့ မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့  KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး ဒီနေ့နမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • Nov- 2024 -
    28 November
    သတင်း

    မိုးမောက်စစ်မျက်နှာပြင်ကို စစ်တပ်က တစ်ရက်တည်း လေကြောင်း ၅ ကြိမ်ထက်မနည်းဗုံးကြဲ

    ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တွင်းလေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဒီမနက် ၂ နာရီဝန်ကျင်လောက်ကနေ…

    Read More »
  • 18 November
    စစ်ရေး

    အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော

    အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာ‌ရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့…

    Read More »
  • 11 November
    သတင်း

    မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။ “တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊ ၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကို ခုလိုပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ၆ မိုင်ရှိထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး ၄ ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင် အောင်မြေကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ KIA တပ်တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ  ၇ မိုင်အထိ ထိုးတက်လာနိုင်ပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ  တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်းမရှိတရွေ့  အချိန်ကာလ တစ်ခုကြာရှည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ၆ မိုင်တစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဗန်းမော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ မိုးမောက်မြို့…

    Read More »
Back to top button