သတင်း

လဂျားယန် မြန်မာစစ်တပ် ဂိတ်မှ မြစ်ကြီးနားသို့ ကုန်ဝင်ထွက်ခွင့် ပိတ်ထားဆဲ

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ လဂျားယန် မြန်မာစစ်အစိုးရ ဂိတ်မှှ တရုတ်ကုန် ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ ကုန်တင်သွင်းခွင့် ပိတ်လိုက်သည်မှာ တစ်ပါတ်ကြာ …

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ လဂျားယန် မြန်မာစစ်အစိုးရ ဂိတ်မှှ တရုတ်ကုန် ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ ကုန်တင်သွင်းခွင့် ပိတ်လိုက်သည်မှာ တစ်ပါတ်ကြာပြီ ဖြစ်သောကြောင့် ဒေသခံများ အခက်ကြုံနေရသည်။

ကုန်အဝင်အထွက် စီးဆင်းမှု မရှိသောကြောင့် ယခင်က စည်စည်ကားကား အရောင်းအဝယ် သွက်သော လိုင်ဇာမြို့တွင်လည်း တရုတ်ပစ္စည်းများ အရောင်းပါးနေပြီး ကုန်သည်များ အခက်ကြုံနေရကြောင်း လိုင်ဇာဒေသခံ တစ်ဦးမှ ပြောသည်။

“စျေးသည်တွေက ငေးပဲ ငေးနေကြတယ်။ ဘယ်သူမှ လာမဝယ်ကြဘူးလေ။ ကုန်တွေတစ်ခုမှ မသည်ခိုင်းတော့ ဘယ်သူမှ မဝယ်ကြတော့ဘူးပေါ့။ ပြည်သူတွေလည်း ငတ်ပြတ်ရုံပဲ ရှိတာပေါ့” ဟု လိုင်ဇာဒေသခံ ပြောသည်။

ပြီးခဲ့သည့်အပတ် နိုဝင်ဘာ ၂၅ ရက်နေ့မှစ၍ မြန်မာစစ်အစိုးရစုပေါင်းဂိတ်မှ အထက်ကအမိန့်အရဟု ပြောကာရက် အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ကုန်ကားသမားများ ပြောသည်။

ဂိတ်ဖွင့်ခဲ့ချိန်တွင် ကုန်တင်ကားများ (၁) ရက် အစီး ၁၀၀ ကျော် အဝင်အထွက်ရှိသော်လည်း ကုန်တင်ခွင့် ပိတ်ပြီး နောက်ပိုင်း ခရီးသည်တင်ကားမှအပ မရှိတော့ပေ။

ကချင်ပြည်နယ်တွင် ပြည်သူလူထုကစားသုံးကုန်မှအစ အဝတ်အထည် စက်ပစ္စည်းများထိ တရုတ်ကုန်ပစ္စည်း သာ အဓိကအသုံးပြုရာယခုတွင် စားသောက်ကုန်ပစ္စည်းများစတင်စျေးတက်လာကြောင်း မြစ်ကြီးနား ဒေသခံများပြောသည်။

“စားစရာလေးတောင်မသယ် ခိုင်းဘူး။ ကြက်သွန်ဖြူကအခုတစ်ပိဿ ရှစ်ထောင်ရှိပြီလေ။ကြာလာရင်တော့ တရုတ်ပစ္စည်းတွေ တအားစျေးတက်လာမယ်ထင်တယ်။ တရုတ်ပစ္စည်းမဝင်တော့ဘူးဆိုရင်တော့ အရမ်းခက်မှာ” ဟု နမ္မတီးကျေးရွာမှ အိမ်ရှင်မတစ်ဦးပြောသည်။

မြန်မာစစ်အစိုးရမှ တရုတ်ကုန်များယခုလိုကုန်ဝင်ခွင့်ပိတ်လိုက်ခြင်းသည် KIO ရဲ့ စီးပွားရေးကို ပိုတင်း ကြပ်လာသည့်သဘောမျိုးဖြစ်သော်လည်း ပြည်သူလူထုကိုပိုမိုထိခိုက်စေကြောင်း တရုတ်နယ်စပ်မှ အခြေအနေလေ့လာသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ ဦးအောင်ဝါပြောသည်။

“ဒီဟာတွေကတဖြည်းဖြည်းနဲ့နအဖကနေ KIO ကို ဖိအားပေးလာတဲ့ သဘောမျိုးဖြစ်တယ်။ ကုန်စည်အသွား အလာ ပိတ်ပင်တဲ့နောက်ပိုင်း တော့အထူးသဖြင့်ပြည်သူလူထုက အခက်အခဲနဲ့ကြုံနေရမယ်။ ကုန်ပစ္စည်းတွေ ရှားပါးလာမယ်။ ပစ္စည်းတွေစျေးတက်လာမယ်။ နောက်တစ်ခုက ကချင်ပြည်မှာရထားလမ်း တစ်ခုထဲကိုသာ ပြည်မနဲ့ဆက်သွယ်နေတယ်။ ကားလမ်းက အနည်းအကျဉ်းပဲရှိတယ်ဆိုတော့ ပစ္စည်းအသွားအလာတွေက ပိုမိုခက်ခဲလာမယ်။”

သို့သော် KIO ကိုတိုက်ရိုက်ထိခိုက်ခြင်းမရှိနိုင်ကြောင်း ကိုအောင်ဝါ ဆက်လက်သုံးသပ်သွားသည်။

“ကုန်စည်ပိတ်ပင်တာကြောင့်မို့ KIO ကိုတော့ သိပ်ကြီးထိခိုက်မှုတော့မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူကနယ်စပ်နဲ့အဓိကအသွားအလာတွေရှိနေတယ်။ နောက်တစ်ခုက ကုန်ပစ္စည်းလည်း သူ့ဟာနဲ့သူ အသွားအလာတွေရှိနေတယ်။ အဓိကထိခိုက်မှာကတော့ ပြည်သူလူထုကိုပဲဖြစ်ပါတယ်။”

လဂျားယန်ဂိတ်မှ ကုန်အဝင်အထွက်မပိတ်မှီ နိုဝင်ဘာ ၂၂ ရက်ညနေ့တွင် တောင်တစ်ဖက်စီ အခြေစိုက်ထား သည့် မြန်မာစစ်တပ် နဖော့ဘွမ်အခြေစိုက် တနိုင်းနယ်မြေခံတပ်ရင်း ခမရ ၃၁၈ က တပ်သားတချို့သည် KIA တပ်မအခြေစိုက်ရာ ဖာလပ်ဘွမ်နယ်မြေသို့ တမိုင်ကျော် ကျူးကျော် ၀င်လာရာလုံခြုံရေးမှိုင်းထိပြီး ၂ ယောက် ဒဏ်ရာ ရပြီး ၁ယောက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယခုလိုမြန်မာစစ်တပ်မှ တိတ်တဆိတ်ပိုင်နက် ကျူးကျော်ဝင်လာခြင်းသည် KIA တပ်ကို ရန်စခြင်း သဘောလည်း ဖြစ်ကာ ထိုးစစ်ဆင်လာဖွယ် ပိုမိုတင်းမာသည့် အခြေအနေသို့ဆွဲခေါ်လာခြင်းလည်း ဖြစ်နိုင်ကြောင်း KIO အရာရှိများက သုံးသပ်ပြောဆိုသည်။

ယင်းဖြစ်ရပ်နောက်ပိုင်း မြန်မာစစ်အစိုးရဖက်မှ တစ်စုံတရာဆက်လက်တင်းမာလာနိုင်ဖွယ်ရှိကြောင်း KIO ဖက်လည်း ကြိုတင်တွက်ဆထားခဲ့သည်။

မြန်မာစစ်အစိုးရလည်းတပ်သားများထိခိုက်မှုနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ အကြီးအကဲများအခင်းဖြစ်ပွားသည့်နောက် သွားရောက်စုံစမ်းလုပ်နေပြီးယနေ့ထိမြစ်ကြီးနားနှင့် နာဖော့ဘွမ် မြန်မာတပ်တို့ လူကြီးခရီးစဉ်နေ့စဉ်ရှိနေကြောင်းဒေသခံများပြောသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မအခြေစိုက်ရာ ဖာလပ်ဘွမ်သည် လိုင်ဇာဌာနချုပ်နှင့် မနီးအဝေးတွင်ရှိပြီး တောင်မနီးမဝေးတွင်လည်း မြန်မာစစ်တပ်ခြေမြန်တပ်ရင်းအခြေစိုက်ထားသည်။

ယခုချိန်ထိတော့ မြန်မာတပ်နှင့် KIA တပ်တို့ နှစ်ဖက်လုံခြုံရေးမှ တိုးမြှင့်ချထားသော်လည်း ပစ်ခတ်မှုမရှိသေးပေ။

Show More

Related Articles

Back to top button