မိုးကြိုးပစ်ခံရပြီး နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်း၊ ပူတာအိုနဲ့ မချမ်းဘော့ မီးပြတ်တောက်

ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ မိုးကြိုးပစ်ခံရပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းသွားတာကြောင့် မြို့နယ်နှစ်ခုစလုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဒေသခံတွေနဲ့ EPC နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဩဂုတ် ၁၆ ရက် ည ၉ နာရီဝန်းကျင်မှာ နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ မိုးကြိုးပစ်ခံရပြီး စက်ပိုင်းအတွင်း လျှပ်စီးဝင်ရောက်ခဲ့တာကြောင့် စက်တွေ ချို့ယွင်းသွားခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး ဩဂုတ် ၁၈ ရက်အထိ မီးပြန်မရသေးဘူးလို့ သိရပါတယ်။

ဒါနဲ့ဆို နှစ်ကြိမ်ပစ်ခံရပြီ။ ဟိုတလောကလည်း တစ်ခါပစ်ခံရတယ်။ အဲတုန်းက စက်တစ်လုံးလည်နိုင်တော့ မီးက နည်းနည်းလာသေးတယ်။ အခုဟိုနေ့ ထပ်မိုးကြိုးပစ်ခံရတာ ဒီတစ်ကြိမ်က အခြေအနေ အတော်ဆိုးသွားတယ်တဲ့။ မီးလိုင်းက လုံးဝပြတ်တောက်သွားတာ၊ EPC ရုံးတောင် မီးမရတော့ တစ်မြို့နယ်လုံးပဲ မီးပြတ်တာ လို့ အသက် ၄၀ ကျော် ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ စက်ပြင်ဆင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ မှာယူထားပြီး လေယာဉ်နဲ့ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ EPC နဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။ 

ဒါပေမယ့် လက်ရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် အဲဒီပစ္စည်းတွေကို တိုက်ရိုက်မှာယူဖို့ အခက်အခဲရှိတာကြောင့် တရုတ်နိုင်ငံထုတ် ပစ္စည်းတွေနဲ့ အစားထိုးဖို့ မှာယူထားတယ်လို့ ဆိုပါတယ်။

ပစ္စည်းကတော့ မှာထားပြီ၊ လေယာဉ်နဲ့ ရောက်မယ်။ ခက်တာက ဒီစက်တွေက ဥရောပပစ္စည်းတွေ ဖြစ်နေတယ်။ အခုမှာထားတာက တရုတ်ပစ္စည်းဆိုတော့ ပစ္စည်းရောက်လာရင်လည်း အဆင်ပြေမပြေ မသိဘူး၊ လာကြည့်ရမယ်။ တရုတ်ပစ္စည်းနဲ့ မရရင်တော့ အနည်းဆုံး တစ်လလောက် ကြာနိုင်မယ် မီးရဖို့က လို့ EPC နဲ့ နီးစပ်သူက ပြောပါတယ်။

တရုတ်ထုတ်ပစ္စည်းတွေနဲ့ အစားထိုးပြုပြင်နိုင်ပါက ဒီတစ်ပတ်အတွင်း လျှပ်စစ်မီး ပြန်လည်ပေးနိုင်ဖို့ မျှော်မှန်းထားပေမယ့် အစားထိုးလို့မရပါက လိုအပ်တဲ့ ပစ္စည်းတွေ ထပ်မံမှာယူရတာကြောင့် လျှပ်စစ်မီး ပြန်ရဖို့ အနည်းဆုံး တစ်လနီးပါး ကြာနိုင်တယ်လို့ သိရပါတယ်။

လျှပ်စစ်မီး အပြည့်အဝပြတ်တောက်နေတဲ့အတွက် ဖုန်းအားသွင်းတာနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အသုံးပြုတာအပြင် ချက်ပြုတ်စားသောက်ရာမှာပါ အခက်အခဲတွေ ရှိလာပြီး မီးသွေးနဲ့ အခြားအစားထိုးစွမ်းအင်တွေ အသုံးပြုရတာကြောင့် အိမ်ထောင်စုအသုံးစရိတ်တွေ ပိုမိုကုန်ကျလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံမှန်ဆို လျှပ်စစ်မီးနဲ့ပဲ ထမင်းဟင်းချက်စားကြတာ။ မီးလုံးဝပြတ်နေတော့ မီးသွေးဖိုး သုံးနေရတယ်။ မီးသွေးက တစ်အိတ် လေးသောင်း၊ လူများတော့ ခဏပဲကုန်တယ်။ ဖုန်းအားလည်း အပြင်မှာသွင်းတဲ့ဆိုင်တွေမှာ သွင်းယူရတယ်၊ တစ်နာရီ တစ်ထောင်နဲ့ သွင်းရတယ်။ မီးမရတော့ အစစအရာရာ ခက်ခဲတယ် လို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း မိုးကြိုးပစ်ခံရပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့ပါသေးတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မိုးရာသီကာလတွေမှာ စက်ရုံမိုးကြိုးပစ်ခံရမှုနဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ထပ်ခါတလဲလဲ ကြုံနေရပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေ နှစ်စဉ်ရှိနေတယ်လို့ သိရပါတယ်။

အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button