မန်တုံ မခုတ်ချောင်းဖျားမှာ မြေရှားသတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ တောင်းဆို

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မယ့်ကျေးရွာက ဒေသခံတွေ ကန့်ကွက်စာတင်တာ ၄ လခန့်ကြာလာပြီဖြစ်ပေမဲ့ အလေးထား တုံ့ပြန်ပြောဆိုမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန်တုံမှာ လက်ရှိ  PSLF/TNLA က မြေရှားသတ္တုတူးဖော်နေတဲ့နေရာတွေထဲမှာမှ လုပ်ငန်းဆိုက်တစ်ခုဖြစ်တဲ့ မခုတ်ချောင်းခေါ် နမ့်လောင်ချောင်းဖျားက မြေရှားသတ္တုဆိုက်ကို ရုပ်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။ 

ခရိုင်ရုံး၊ မြို့နယ်ရုံးအထိ စာတင်ကန့်ကွက်ပေမဲ့ ဘာမှအကြောင်းမပြန်တာကြောင့် ရွာသားတွေအားလုံး အစည်းအဝေးလုပ်ပြီး PSLF/TNLA ဗဟိုအထိ စာတင်ပြီ။ ဗဟိုအထိ စာတင်တော့လည်း အခုထိ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဘာမှမတုံ့ပြန်ဘူး။  ခဏခဏ သွားရောက်ရင်လည်း လူကြီးတွေမရှိဘူးပဲပြောလို့ ခက်နေတာ။” လို့ မန်တုံမြို့နယ် လွယ်ယား ဒေသခံတစ်ဦးက ပြောပါတယ်။  

လွယ်ယားကျေးရွာ၊ တုန်ဟုန်းခမ်း၊ မန်ပြိန်းနဲ့ ညောင်တန်ကျေးရွာတွေရဲ့ ရေဦးရေထွက်ဖြစ်တဲ့ မခုတ်ချောင်းဖျားမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က မြေရှားသတ္တုဆိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီကျေးရွာတွေဟာ မန်တုံမြို့ကနေ အနောက်ဘက်ခြမ်း မိုင် ၂၀ ခန့်အကွာအဝေးမှာတည်ရှိပါတယ်။ ဒီကျေးရွာတွေရဲ့ ရေဦး ရေထွက်မှာ မြေရှားသတ္တုဆိုက်လုပ်ဆောင်နေတာကြောင့် ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်တဲ့ဒေသခံတွေက ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ TNLA ဗဟိုကော်မတီရုံးအထိ ကန့်ကွက်စာတင်ပြီး တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

ဒေသခံတွေဟာ သက်ဆိုင်ရာမြို့နယ်ရုံး၊ ခရိုင်ရုံးတွေကို စာတင်တောင်းဆိုတာတွေ အရင်ပြုလုပ်ခဲ့ပေမဲ့ အရေးလုပ်ခြင်း မရှိတာကြောင့် TNLA ဗဟိုကော်မတီရုံးအထိ ထပ်မံ စာတင်တောင်းဆိုခဲ့ရာ အခု ဩဂုတ်လအထိ ဘာမှအကြောင်းပြန် အရေးလုပ်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတွေဟာ မခုတ်ချောင်း ခေါ် နမ့်လောင်ချောင်းကို အဓိကမှီခိုပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းနေတာဖြစ်တဲ့အတွက် အခုလို မြေရှားသတ္တုတူးဖော်နေတာကြောင့် လယ်ယာမြေတွေ၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ ထိခိုက်ပျက်စီး၊  သေကြေလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ 

ရွာရဲ့ ရေဦးရေထွက်တွေမှာ မလုပ်ဘူး။ ဒေသခံပြည်သူတွေ အလိုမရှိရင်လည်း မလုပ်ဘူးဆိုပြီး သူတို့စီမံကိန်းစကာစ စာထုတ်ကြေညာထားပေမဲ့ သူတို့ရေးထားတဲ့စာနဲ့ လုပ်လာတာ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ သွားပြောလည်း ဘာမှအရေးမလုပ်ဘူး။ သူတို့က လက်နက်ကိုင်တွေဆိုတော့ ရွာသားတွေလည်း အတင်းပြန်မလုပ်ရဲတော့ ခက်နေတယ်။ သူတို့က ဒီရေလမ်းကြောင်းမှာမဟုတ်ဘဲ တခြားနေရာကို သွားလိုက်ရင်တော့ ဘာမှမဖြစ်ဘူး။ အခု ဒီရေက ကျနော်တို့ဒေသခံတွေ အဓိက အားကိုးအားထားနေရတဲ့ချောင်းဖြစ်နေတာကြောင့်၊ သူတို့က ဒီရေလမ်းကြောင်းမှာ သတ္တုပြန်တူးလာတော့ အရမ်းစိုးရိမ်နေကြတယ်။ ဒီရေလမ်းကြောင်းပေါ် မှီခိုပြီးနေနေတဲ့ ဒေသခံအားလုံးက အရမ်းစိုးရိမ်နေတယ်။” လို့ လွယ်ယား ဒေသခံက ဆက်ပြောပါတယ်။  

လက်ရှိ မန်တုံမြို့နယ်အတွင်း နေရာ ၄ နေရာမှာ  TNLA က သတ္တုဆိုက်လုပ်ဆောင်နေတာလို့ သိရပါတယ်။ ပန်ခါးကြီးမှာ တစ်ခု ၊ မခုတ်ချောင်းရဲ့ ရေဦးရေထွက်၊  မန်လုံ၊ ယာမာရွာအနီးမှာ ဆိုက်တစ်ခုနဲ့ မန်တုံကနေ နမ္မတူနမ့်ဆန်သွားလမ်းဘက်မှာ ၂ ခု ရှိနေတယ်လို့ သိရပါတယ်။ 

ဒီသတ္တုဆိုက်လုပ်ငန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူကာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့တာဖြစ်ပါတယ်။ သတ္တုဆိုက်တွေထဲမှာ ဘေးထွက်ဆိုးကျိုး တိုက်ရိုက်ခံစားကြရမယ့် မခုတ်ချောင်းဖျားက သတ္တုဆိုက်ကို ဒေသခံတွေ ကန့်ကွက်နေတာဖြစ်ပါတယ်။  

မခုတ်ချောင်းဖျားပိုင်းမှာ TNLA သတ္တုတူးဖော်ဖို့ကို သတ္တုဆိုက်အနီးရှိ မန်လုံ၊ ယာမာကျေးရွာတွေထဲက ဒေသခံတချို့က သဘောတူတဲ့သူတွေလည်ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိသဘောတူနေတဲ့ အဲဒီ ကျေးရွာတွေက မခုတ်ချောင်းကနေ တိုက်ရိုက်ရေရယူနေတာမျိုး မရှိတာကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိပဲ အောက်ဘက်ပိုင်း ဒီချောင်းတစ်လျှောက်ရှိ ကျေးရွာတွေက အဓိက ထိခိုက်မယ့်အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တုဆိုက်အနီးက မန်လုံ၊ ယာမာကျေးရွာတွေက တအာင်း(ပလောင်)ရွာတွေဖြစ်ပြီး TNLA တပ်ဖွဲ့ ဟာ အဲဒီရွာတွေကနေပဲ အဓိက သဘောတူညီမှု ရရယူကာ မြေရှားတူးနေတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ မခုတ်ချောင်းအောက်ဘက်ပိုင်းတစ်ကြောက ကချင်၊လီဆူကျေးရွာတွေဖြစ်တဲ့ ကျေးရွာ ၄ ခုထက်မနည်းက အဲဒီသတ္တုတူးဖော်မှုကြောင့် အကျိုးဆက်တွေကို တိုက်ရိုက်ခံစားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေတယ်လို့ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button