မိုးကောင်းမှာ ဝက်သေဆုံးမှုများလာ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဝက်တွေ ရောဂါကူးစက်ပြီး သေဆုံးတာတွေ ဆက်တိုက်ဖြစ်နေပြီး ဩဂုတ်လဆန်းပိုင်းကစလို့ ပိုများလာတယ်လို့ မြို့ခံတွေနဲ့ ဝက်မွေးမြူသူတွေဆီက သိရပါတယ်။
ဝက်တွေ ရောဂါကူးစက်ပြီး သေဆုံးမှုဟာ ဒီလဆန်းပိုင်းကစပြီး ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီလပိုင်းလောက်က ဟုတ်တယ်။ သိပ်မကြာသေးဘူးတဲ့။ ဝက်မွေးတဲ့သူတွေက ပြောပြောနေတာ ဝက်နာ တအားကျတာတဲ့။ သူတို့တောင် ရောင်းထုတ်လိုက်တာတဲ့” လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
သေဆုံးတဲ့ဝက်အကောင်ရေအတိအကျကို မသိရသေးပေမယ့် ဝက်မွေးမြူတဲ့ အိမ် ၁၀ အိမ်မှာ ၃ အိမ်ကနေ ၄ အိမ်လောက်အထိ ဝက်တွေ ရောဂါကူးစက်ပြီး သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝက်မွေးမြူသူတချို့က ရောဂါမကူးစက်ခင် ဝက်တွေကို အမြန်ရောင်းထုတ်တာမျိုးတွေ လုပ်နေကြပြီး လက်ရှိ ဝက်တွေမှာ ဖြစ်နေတဲ့ ရောဂါရဲ့ အကြောင်းရင်းကိုတော့ သေချာမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
တိရစ္ဆာန်ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရ ဝက်တွေမှာ ဖြစ်ပွားတဲ့ရောဂါတွေဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဆိုပြီး အဓိကနှစ်မျိုး ရှိတယ်လို့ သိရပါတယ်။
ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေက ဝမ်းလျှောတာ၊ ကိုယ်ပူတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပြီး ဆေးကုသမှုနဲ့ ပြန်လည်ကောင်းမွန်နိုင်ပေမယ့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေမှာတော့ သေဆုံးမှုနှုန်း မြင့်မားနိုင်တယ်လို့ တိရစ္ဆာန်ဆရာဝန်က ရှင်းပြပါတယ်။
“ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီဆိုရင် မြေကြီးနက်နက်တူးပြီး ပိုးသတ်ဆေးနဲ့ ဓာတ်ဆီတွေလောင်းထည့်ပြီး မြုပ်လိုက်ရမှာဟုတ်တယ်။ လူတွေစားမယ်ဆိုရင်တော့ သေချာကျက်အောင်ချက်စားရင် သိပ်မလိုဘူး။ ဒါပေမယ့် သန်ကောင်တွေများနေတဲ့ဝက်ကို မကျက်တကျက်စားမိရင် ကိုယ့်ခန္ဓာကိုယ်၊ အူနဲ့ အဆုပ်တွေမှာ အဖုအကျိတ်တွေ ဖြစ်လာနိုင်တယ်” လို့ တိရစ္ဆာန်ဆရာဝန်တစ်ဦးက ပြောပါတယ်။
ဒါပေမယ့် မိုးကောင်းမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ ဝက်သေဆုံးမှုဟာ ဘယ်ရောဂါအမျိုးအစားကြောင့်ဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာဌာနက စစ်ဆေးအတည်ပြုထားတာ မရှိသေးပါဘူး။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ထားတဲ့ အသိပေးချက်အရ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ဟာ ဝက်တွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး လူတွေကို ကူးစက်တဲ့ရောဂါ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ASF မဖြစ်ပွားစေဖို့ ဝက်မွေးမြူသူတွေအနေနဲ့ ဝက်ခြံတွေကို သန့်ရှင်းထားတာ၊ ပိုးသတ်ဆေး ပုံမှန်ဖျန်းတာနဲ့ လူ၊ တိရစ္ဆာန်နဲ့ ပစ္စည်းတွေကတစ်ဆင့် ရောဂါပိုး ဝက်ခြံအတွင်း ဝင်ရောက်မလာအောင် ကာကွယ်တာတွေ လုပ်ဆောင်ဖို့ သက်ဆိုင်ရာက အသိပေးထားပါတယ်။
ဒါ့အပြင် အိမ်နဲ့ စားသောက်ဆိုင်တွေက စားကြွင်းစားကျန်တွေကို ဝက်စာအဖြစ် ကျွေးမယ်ဆိုရင် အပူပြင်းပြင်းနဲ့ သေချာချက်ပြုတ်ပြီးမှ ကျွေးဖို့၊ တောဝက်နဲ့ အိမ်မွေးဝက်တွေ ထိတွေ့မရောနှောအောင် ကာကွယ်ဖို့လည်း အသိပေးထားပါတယ်။
ပြည်ပကနေ တရားမဝင် ဝက်အရှင်၊ ဝက်သားနဲ့ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း စတဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းတာ၊ ရောင်းချတာနဲ့ စားသုံးတာတွေကိုလည်း ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။
ဝက်တွေ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးတာမျိုး ဖြစ်လာပါက နီးစပ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို ချက်ချင်းအကြောင်းကြားဖို့နဲ့ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးရာမှာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း အသိပေးထားပါတယ်။
By – Hope



