မန္တလေး–မြစ်ကြီးနား ကုန်စည်တန်ဆာခ ထက်ဝက်ကျော် မြင့်တက်နေ
မန္တလေးကနေ မြစ်ကြီးနားဘက်ကို ကုန်စည်သယ်ယူရာမှာ အသုံးပြုနေရတဲ့ ကွင်းလမ်းတွေ မိုးဆက်တိုက်ရွာသွန်းပြီး လမ်းတွေ ပျက်စီးလာတာကြောင့် တန်ဆာခတွေ အဆမတန်မြင့်တက်လာတယ်လို့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်သူတွေထံက သိရပါတယ်။
ပုံမှန်အချိန်မှာ ကုန်တစ်ပိဿာကို တန်ဆာခ ကျပ် ၃,၀၀၀ ဝန်းကျင်သာရှိပေမယ့် လက်ရှိမှာတော့ ကျပ် ၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ဒီလိုတန်ဆာခ တက်လာတာ တစ်ပတ်ခန့်ရှိပြီလို့ ကားဂိတ်မှူးတစ်ဦးက ပြောပါတယ်။
“တန်ဆာခ ပုံမှန်က တစ်ပိဿာကို ၃,၀၀၀၊ အခုက ၅,၀၀၀ ဖြစ်သွားပြီ။ ကြက်သွန်က မန္တလေးမှာ ၂,၀၀၀ ဆိုရင် တင်ခက ၅,၀၀၀ ဆိုတော့ ကြက်သွန်တစ်ပိဿာကို ၇,၀၀၀ ဖြစ်နေပြီ။ ဒီမှာရောက်ရင် အမြတ်ယူဦးမှာဆိုတော့ ကြက်သွန်ဈေးက ၈,၀၀၀၊ ၁၀,၀၀၀ ဈေးဖြစ်သွားတာပေါ့။ အခုလို တက်သွားတာက တစ်ပတ်လောက်တော့ရှိပြီ” လို့ ကားဂိတ်မှူးက ပြောပါတယ်။
လက်ရှိမှာ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိသေးဘဲ အချို့နေရာတွေမှာ ကွင်းလမ်းတွေကို အသုံးပြုပြီး သွားလာနေရတာကြောင့် ကုန်တင်ယာဉ်တွေအနေနဲ့ လမ်းခရီးပိုမိုကြန့်ကြာနေတယ်လို့ သိရပါတယ်။
မန္တလေး–မြစ်ကြီးနား ခရီးစဉ်အတွက် ကားသမားတွေအသုံးပြုနိုင်တဲ့ အဓိကလမ်းကြောင်း နှစ်ခုရှိပါတယ်။
တစ်ခုက ဧရာဝတီမြစ်အရှေ့ဘက်လမ်းဖြစ်ပြီး မန္တလေး–မတ္တရာ–ထီးချိုင့်–ကသာဘက်ကနေ မြစ်ကြီးနားကို သွားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းကို စစ်တပ်ဘက်က မေလအစပိုင်းမှာ ပြန်လည်အသုံးပြုနိုင်ပြီလို့ ကြေညာခဲ့ပေမယ့် နောက်ပိုင်း တိုက်ပွဲတွေကြောင့် လမ်းပိုင်းအချို့ ပြန်လည်ပိတ်ဆို့သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ ကားသမားတွေအနေနဲ့ ဧရာဝတီမြစ်အနောက်ဘက်က မန္တလေး–ရွှေဘို–မြစ်ကြီးနား လမ်းကြောင်းကို အဓိက အသုံးပြုသွားလာနေကြပါတယ်။
ဒါပေမယ့် ဒီလမ်းကြောင်းကိုလည်း တစ်လျှောက်လုံး ပုံမှန်အတိုင်း အသုံးပြုလို့မရဘဲ အင်းတော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လမ်းပိုင်းအချို့ကို သွားလာခွင့် ကန့်သတ်ထားပါတယ်။

အဲဒီအတွက် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ လမ်းမကြီးအစား ကွင်းလမ်းတွေကို အသုံးပြုပြီး သွားလာနေရတာ ဖြစ်ပါတယ်။
ကားသမားတွေ အသုံးပြုနေရတဲ့ ကွင်းလမ်းပိုင်းဟာ မိုးများတဲ့အချိန်မှာ ဗွက်ထပြီး ယာဉ်တွေ သွားလာရခက်ခဲသလို လမ်းပေါ်မှာ ယာဉ်တစ်စီးချော်ပြီး ပိတ်သွားရင် ဆင်တွေနဲ့ ထွန်စက်တွေ အသုံးပြုပြီး ကားတွေကို ဆွဲရတယ်လို့ သိရပါတယ်။
ကားဂိတ်မှူးရဲ့ ပြောကြားချက်အရ လက်ရှိတန်ဆာခ တက်လာရတဲ့ အကြောင်းအရင်းထဲမှာ လမ်းခရီးအတွင်း ဆင်နဲ့ ယာဉ်ဆွဲခ၊ ထွန်စက်ဆွဲခတွေ ထပ်မံကုန်ကျနေတာလည်း ပါဝင်ပါတယ်။
“တန်ဆာခ တက်ရတဲ့အကြောင်းအရင်းကလည်း ဆင်ဆွဲရတာတွေ၊ ပြီးရင် ထွန်စက်ဆွဲခတွေပေးရတယ်။ အဲလိုကျတော့ တန်ဆာခက မတက်လို့မရတော့တဲ့ အနေအထားဖြစ်နေတယ်” လို့ ကားဂိတ်မှူးက ပြောပါတယ်။
အရင်ကလည်း မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လမ်းအခြေအနေကြောင့် ယာဉ်တွေ ကွင်းလမ်းတွေကို အသုံးပြုသွားလာရပြီး လမ်းခရီးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် တချို့လမ်းပိုင်းတွေမှာ ကုန်တင်ယာဉ်တွေကို ဆင်တွေနဲ့ ဆွဲယူရတဲ့အခြေအနေတွေ ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေလည်း မြင့်တက်ခဲ့ပါတယ်။
ဒီလို သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ကုန်စည်တွေ မန္တလေးကနေ မြစ်ကြီးနားဘက်ကို ရောက်ရှိဖို့ ပုံမှန်ထက် အချိန်ပိုကြာနေပြီး အမြန်ဆုံးရောက်ရင်တောင် ၁၀ ရက်ကနေ ၁၅ ရက်လောက် ကြာတယ်လို့ သိရပါတယ်။
နောက်ထပ် မြစ်ကြီးနားဘက်ကို ကုန်စည်ဝင်ရောက်ရာမှာ မန္တလေး–မြစ်ကြီးနားလမ်းကြောင်းအပြင် တရုတ်–မြန်မာနယ်စပ် ကန်ပိုက်တီဘက်ကနေ ဝင်လာတဲ့ ကုန်စည်တွေလည်း ရှိပါတယ်။
ဒါပေမယ့် ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာတဲ့ ကုန်စည်တွေကို မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတားနဲ့၊ မိုင်းနားဂိတ်မှာ စစ်ဆေးမှုတွေ တင်းကျပ်နေတာကြောင့် ကုန်တင်ကားတွေ ဝင်ရောက်ရာမှာ အခက်အခဲနဲ့ နှောင့်နှေးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိ တန်ဆာခနှုန်းထားအရ မန္တလေးမှာ တစ်ပိဿာ ကျပ် ၂,၀၀၀ ဝန်းကျင်ရှိတဲ့ ကြက်သွန်ကို မြစ်ကြီးနားဘက် သယ်ယူတဲ့အခါ တန်ဆာခတစ်ခုတည်းအတွက် ကျပ် ၅,၀၀၀ ဝန်းကျင်အထိ ပေးနေရတာကြောင့် ကုန်ပစ္စည်းရဲ့ မူလဈေးနှုန်းထက် သယ်ယူစရိတ်က ပိုမိုမြင့်မားလာတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါကြောင့် မြစ်ကြီးနားဘက် ကုန်ပစ္စည်းတွေရောက်ရှိပြီးတဲ့နောက် ရောင်းချသူတွေအနေနဲ့ အမြတ်အစွန်းနဲ့ အခြားကုန်ကျစရိတ်တွေ ထပ်မံတွက်ချက်ရတာကြောင့် လက်လီဈေးကွက်မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဆက်စပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
By – အမိုး




