ဆိုင်ခန်းဖိုးမပေးနိုင်ပါက လေလံတင်မည်ဟု ပူတာအိုစည်ပင်ပြော
ကချင်ပြည်နယ်၊ ပူတာအိုမြို့မဈေး ပြန်လည်တည်ဆောက်ဖို့ ဈေးသည်တွေဆီက ငွေကောက်ခံနေပြီး ဆိုင်ခန်းဖိုး မပေးနိုင်ရင် ဆိုင်ခန်းသိမ်းပြီး လေလံတင်မယ်လို့ စည်ပင်က ပြောဆိုထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ မြို့မဈေးကို ဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြင်ဆင်နေပြီး လက်ရှိမှာ ဆိုင်ခန်းပိုင်ရှင်တွေကို ဆယ်ပေခန်းတစ်ခန်းအတွက် ကျပ်သိန်း ၂၁၀ ထည့်ဝင်ခိုင်းထားကာ အဲဒီငွေကို ခြောက်လအတွင်း အပြီးပေးသွင်းရမယ်လို့ သိရပါတယ်။
“ဆယ်ပေခန်းတစ်ခန်းကို သိန်း ၂၁၀ နဲ့ဆိုတော့ များလွန်းတယ်။ အရစ်ကျနဲ့ဆိုရင်တော့ တော်သေးတယ်။ ခြောက်လအတွင်း အပြီးသွင်းရမယ်တဲ့။ ငွေသွင်းပြီးတာနဲ့ ချက်ချင်းဆောက်မယ်တဲ့။ အစိုးရဘတ်ဂျက်နဲ့ ဆောက်ပြီး ဈေးသူဈေးသားတွေဆီက နည်းနည်းချင်း ပြန်ကောက်တာဆို သဘောတူတယ်။ အခု ဆိုင်ခန်းဆောက်ဖို့ သဘောမတူတဲ့အခန်းတွေကိုတော့ သိမ်းပြီး လေလံပြန်ရောင်းမယ်လို့ ပြောတယ်”လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟာ အစိုးရဘတ်ဂျက် မပါဝင်ဘဲ ဈေးသူဈေးသားတွေဆီက ကောက်ခံရရှိတဲ့ငွေနဲ့ ဈေးပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတာ တစ်လခန့်ရှိပြီလို့ သိရပါတယ်။
ဈေးပြန်လည်တည်ဆောက်မယ့်ကိစ္စကို ဈေးသူဈေးသားအများစုက ကန့်ကွက်နေကြပြီး အစိုးရဘတ်ဂျက် မပါဝင်ဘဲ ဈေးသူဈေးသားတွေဆီက ငွေကြေးကောက်ခံတာနဲ့ ကြိုတင်အသိပေးတာမရှိဘဲ လက်မှတ်ရေးထိုးခိုင်းတာတွေကြောင့် ကန့်ကွက်တာလို့ အသက် ၅၀ ကျော်အရွယ် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကန့်ကွက်တဲ့အကြောင်းအရင်းကတော့ အများကြီးပဲ။ အဓိကက အစိုးရဘတ်ဂျက်တစ်ပြားမှမပါဘဲ ဈေးသူဈေးသားတွေဆီက ကောက်ပြီးဆောက်မယ်တဲ့။ နောက်တစ်ချက်က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ကြီး ဆောက်မယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ဆိုင်ခန်းတစ်ခန်းကို ဘယ်လောက်သွင်းရမယ်ဆိုပြီး အမိန့်ပေးသလိုလုပ်နေတာ။ ဘာမှပြင်ဆင်ချိန်မရဘူး။ ၈၀ ရာခိုင်နှုန်းလောက်က ကန့်ကွက်တဲ့သူတွေကြီးပဲ”လို့၎င်းကပြောပါတယ်။

ဒါ့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးအတွင်းရှိ အရှည် ၈ ပေ၊ အကျယ် ၂ ပေရှိတဲ့ ကုန်စိမ်းရောင်းခုံတွေကိုလည်း တစ်ခုံလျှင် ကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး ခြောက်လအတွင်း အပြီးပေးသွင်းခိုင်းနေတယ်လို့ သိရပါတယ်။ ဆိုင်ခန်းဖိုးနဲ့ပတ်သက်ပြီး အခုလိုပြောဆိုမှုတွေကြောင့် ဈေးသူဈေးသားအများစုက မဖြစ်မနေ လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
ကောင်ကထောင်စည်ပင်ဈေးမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်ရှိပြီး ဆိုင်ခန်းဖိုးနဲ့ ကုန်စိမ်းရောင်းခုံဖိုးတွေကနေ ကောက်ခံရရှိမယ့်ငွေဟာ ကျပ်သိန်းပေါင်း ၂ သောင်းနီးပါးအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အခုလိုစီစဉ်မှုကို စိစစ်ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့လက စည်ပင်ဝန်ကြီးထံ တိုင်စာပေးပို့ခဲ့ပေမယ့် ထူးခြားမှုမရှိသေးဘူးလို့ ဈေးသူဈေးသားတွေက ပြောပါတယ်။ ပူတာအိုမြို့ပေါ်မှာ စည်ပင်သာယာဈေးအဖြစ် ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ကောင်ကထောင်မြို့မဈေးနဲ့ လေဆိပ်ဈေးဆိုပြီး ဈေးနှစ်ခုရှိတယ်လို့ သိရပါတယ်။
လက်ရှိ ကောင်ကထောင်စည်ပင်ဈေးရဲ့ အဆောက်အအုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က တည်ဆောက်ထားတာဖြစ်ပြီး ကြားကာလတွေမှာလည်း ဆိုင်ခန်းတွေကို ပြုပြင်မွမ်းမံတာတွေ မကြာခဏပြုလုပ်ခဲ့တာကြောင့် အသစ်ပြန်ဆောက်ဖို့ မလိုသေးဘူးလို့ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ဆိုင်ခန်းတွေကတော့ အားလုံးကောင်းပါသေးတယ်။ ရေနံချေးတွေလည်း ကောင်းကောင်းသုတ်ထားတော့ ပိုးစားတာလည်းမရှိဘူး၊ မိုးယိုတာလည်းမရှိဘူး။ တချို့ဆိုင်ခန်းတွေဆိုရင် ဟိုတလောကမှ အသစ်ပြန်ဆောက်ထားတာ။ အဲဒါတွေလည်း ပြန်ဖြုတ်ခိုင်းပြီး ပိုက်ဆံပြန်ထည့်ခိုင်းနေတာ သက်သက်ကို လုပ်စားနေတာ” လို့ ၎င်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်စည်ပင်သာယာရေးရုံးကို KNG က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
ပူတာအိုမြို့၊ ကောင်ကထောင်စည်ပင်သာယာဈေးဟာ ပူတာအိုကို ခရိုင်အဆင့်မြို့တော်အဖြစ် သတ်မှတ်ခဲ့တဲ့ ၁၉၆၅ ခုနှစ်မတိုင်ခင်ကတည်းက ပျံကျဈေးအဖြစ် ရှိခဲ့တာလို့ သိရပြီး လက်ရှိစည်ပင်သာယာဈေးအဖြစ် တည်ဆောက်ပေးထားတာ နှစ်ပေါင်း ၃၀ ကျော်ခန့် ရှိပြီလို့ သိရပါတယ်။
By – Zaw Zaw



