ဗလမင်းထင်တံတားမှာ ကုန်ကားဝင်ခွင့်ပိတ်ထားတဲ့အတွက် စားသောက်ကုန်တွေကို စက်လှေနဲ့ အဆင့်ဆင့်သယ်ယူနေရ

မြစ်ကြီးနားမြို့ထဲကို ကုန်ကားတွေ ဝင်ရောက်နိုင်ဖို့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဗလမင်းထင်တံတားမှာ ကုန်ကားဝင်ခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်တွေကို ဧရာဝတီမြစ်ကြောင်းကနေ စက်လှေတွေနဲ့ အဆင့်ဆင့် သယ်ယူနေရတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကံပိုက်တည်ဆဒုံးဝိုင်းမော်လမ်းကနေဝင်လာတဲ့ ကုန်ကားတွေဟာ ဗလမင်းထင်တံတားအနီးရှိ မိုင်းနားကျေးရွာအထိသာ ဝင်ရောက်နိုင်ပြီး ဗလမင်းထင်တံတားမှာ ကုန်ကားတွေဝင်ရောက်ဖို့ တင်းကြပ်ထားတဲ့အပြင် ဩဂုတ်လ ဒုတိယအပတ်ကစပြီးတော့ ကုန်ကားတွေ မြစ်ကြီးနားဘက် ဝင်ရောက်ခွင့် ပိတ်ထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ကနေပြီးတော့ မဝင်ခိုင်းတာ။ အဓိကတော့ ကြက်ဥအတုတွေအရမ်းဝင်တယ်ဆိုတဲ့ သတင်းကြောင့် စားသောက်ကုန်ကားတွေကို ဝင်ခွင့်ပိတ်ထားတာဟုတ်တယ်။ ဒီနေ့ထိ မဝင်ခိုင်းသေးဘူးလို့ပြောပါတယ်။

မြစ်ကြီးနားမြိုထဲ တရုတ်ဘက်ကနေ ကြက်ဥအတုတွေဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေ ဒီရက်ပိုင်းထွက်ပေါ်နေတဲ့အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်တင်တဲ့ကုန်ကားတွေ ဝင်ခွင့်တားမြစ်ပိတ်ပင်ထားတာ ခုဆိုရင် ၂ ပတ်ကျော်ရှိပြီလို့ သိရပါတယ်။

ဒါပေမယ့် မြစ်ကြီးနားမှာ အခြေခံစားသောက်ကုန်စျေးမြင့်တက်နေပေမယ့် လိုသလောက်ဝယ်ယူလို့ရနေတယ်လို့လည်း ပြည်သူတွေကပြောပါတယ်။

ဒါဟာ ကုန်ကားတွေ ဗလမင်းထင်တံတားကနေ ဖြတ်သန်းဝင်ရောက်ခွင့် မရတော့ပေမယ့် ကုန်သည်တချို့ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာနဲ့ ဝိုင်းမော်ကူးတို့ဆိပ်ကနေ စက်လှေတွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ပြီး မြစ်ကြီးနားဘက်ခြမ်းရှိ ကချင်စုနဲ့ မင်းရပ် ရပ်ကွက်တွေကို ကုန်တွေ ပြန်လည်သယ်ယူနေကြတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

စက်လှေနဲ့ ကုန်တွေသယ်ယူမှုဟာ ဩဂုတ်လဆန်းပိုင်းကစပြီး ပိုမိုတွင်ကျယ်လာပြီး မြစ်ကြီးနားမြို့ ကချင်စုသဲကျောက်ဆိပ်ဟာ ကုန်တင်ကုန်ချစခန်းတစ်ခုလို ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ခုလို ကုန်တင်ကုန်ချလုပ်ငန်းတွေကြောင့် ပုပ်သိုးနေတဲ့ ကုန်တွေကနေ အနံ့ဆိုးထွက်တာနဲ့ နေ့တိုင်းဆူညံသံတွေကြောင့် ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာကို တိုင်တန်းမှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ တိုင်တန်းမှုကြောင့် ဩဂုတ် ၅ ရက်မှာ သက်ဆိုင်ရာရပ်ကျေးအဖွဲ့တွေက ကချင်စုသဲကျောက်ဆိပ်ကို သွားရောက်တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ကုန်တင်ကုန်ချတာတွေ မလုပ်တော့ပေမယ့် ညပိုင်းအချိန်မှာ တိတ်တဆိတ် ပြန်လည်သယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကုန်တွေကို ည ၇ နာရီကနေ ၁၂ နာရီဝန်းကျင်အထိ အဓိက သယ်ယူနေကြပြီး ကုန်တင်ကုန်ချလုပ်သားတစ်ဦးကို တစ်ည ကျပ် ၁ သိန်း ၂ သောင်းဝန်းကျင် ရရှိတယ်လို့လည်း သိရှိသူတွေကပြောပါတယ်။

ဒါပေမယ့် အဲဒီထဲက အလုပ်သမားခေါင်းကို ကျပ် ၂ သောင်း ပေးရတာကြောင့် ကုန်ထမ်းလုပ်သားတွေဟာ တစ်ညကို ကျပ် ၁ သိန်းဝန်းကျင်သာ ရရှိတယ်လို့ သိရပါတယ်။

ခုလို စားသောက်ကုန်တွေကို စက်လှေနဲ့ အဆင့်ဆင့်သယ်ယူရတဲ့ ကုန်ကျစရိတ်တွေကို ကုန်ဈေးနှုန်းထဲ ထည့်ရောင်းနေရတာကြောင့် မြစ်ကြီးနားမြို့အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ စျေးသည်တွေက ပြောပါတယ်။

တစ်ခါကုန်မယ့်အရေးကို ဗလမင်းထင်တံတားမှာ သေချာစစ်ဆေးပြီး ခွင့်ပြုပေးမယ်ဆိုရင် ဒီလောက်အထိ ဈေးတက်မှာမဟုတ်ဘူး။ အခုက တံတားကနေ ဝင်လို့မရတော့ စက်လှေနဲ့ အဆင့်ဆင့်သယ်နေရတယ်။ စက်လှေနဲ့ သယ်နေတာကလည်း တံတားမှာရှိတဲ့ ရဲတွေက အခွန်အခတွေကောက်ပြီး ခွင့်ပြုပေးနေတာဆိုတော့ ထူးခြားတာမရှိဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် တံတားမှာ ကုန်တွေကို သေချာစစ်ဆေးပြီး ခွင့်ပြုပေးသင့်တယ်လို့ စျေးသည်တစ်ဦးက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့ရဲ့ ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ကုန်းစျေးနှုန်းတွေက ရွှေကြယ်မင်းတစ်ထုပ် ၁,၆၀၀ ကျပ်၊ ယုဇနတစ်ထုတ် ၂,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး ၁၂,၁၀၀ ကျပ်၊ စောရှုပ် ၅,၆၀၀ ကျပ်၊ ပဒေသာ ၆,၁၀၀ ကျပ်၊ မှော်ဘီ ၆,၀၀၀ ကျပ်၊ လုံးသွယ်မွှေး ၇,၆၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၁၀,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာ ၃၄,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၁၆,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁၂,၂၀၀ ကျပ်၊ အာလူး ၅,၃၀၀ ကျပ်၊ ကော်ဖီတစ်ထုပ် ၇၀၀ ကျပ်၊ ဝက်သား ၅၅,၂၀၀ ကျပ်၊ အမဲသား ၄၄,၀၀၀ ကျပ်၊ ကြက်သား ၅၀,၀၀၀ ကျပ်၊ အိမ်ကြက် ၅၅,၀၀၀ ကျပ်၊ ငါးဂျင်း ၅၀,၀၀၀ ကျပ်၊ ငါးဂျင်းဖြူ ၆၀,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် ၃၂,၀၀၀ ကျပ်၊ ကုလားပဲ ၃,၆၀၀ ကျပ်၊ ပဲနီလေး ၃,၆၀၀ ကျပ်၊ စားအုန်းဆီ ၁၈,၁၀၀ ကျပ်နဲ့ ကဇွန်းရွက်ဖြူ ၈၀၀ ကျပ်ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကံပိုက်တည်ဘက်ကနေ သယ်ဆောင်လာတဲ့ ကန့်သတ်ကုန်စည်တွေကို ဗလမင်းထင်တံတားပေါ်ကနေ သယ်ယူတာ မပြုလုပ်တော့ဘဲ ဝိုင်းမော်ဘက်က စက်လှေနဲ့ ကချင်စုသဲကျောက်ဆိပ်ကို ပြန်လည်သယ်ယူနေမှုကို ကချင်စုရပ်ကျေးအဖွဲ့က သွားရောက်တားမြစ်ရာမှာလည်း တံတားမှာ တာဝန်ကျနေတဲ့ စစ်တပ်က တပ်ကြပ်ကြီးဆိုသူတစ်ဦးနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်ကနေ မြစ်ကြီးနားကို ကားနဲ့သယ်ဖို့ ဗလမင်းထင်တံတားမှာ စစ်ဆေးဖမ်းဆီးတာရှိတော့ ဗလမင်းထင်တံတားမှာ တာဝန်ကျနေတဲ့ စစ်တပ်က တပ်ကြပ်ကြီးတစ်ယောက် ဦးဆောင်ပြီး လုပ်ငန်းရှင်တွေဆီက ငွေကြေးယူပြီး စက်လှေနဲ့ ပြန်သယ်ဖို့ ဖမ်းဆီးမှုအတွက် သူတာဝန်ယူတယ်ဆိုပြီး အာမခံတာဟုတ်တယ်။ ရပ်ကျေးက တားမြစ်လို့ တစ်နေ့က သဲကျောက်ဆိပ်မှာ စစ်တပ်ကလူနဲ့ ရပ်ကျေးအဖွဲ့ ထိုးကြတာလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

လက်ရှိမှာ ဗလမင်းထင်တံတားကနေ ကုန်ကားဝင်ရောက်ခွင့် ပိတ်ထားဆဲဖြစ်တာကြောင့် မြစ်ကြီးနားမြို့အတွင်း စားသောက်ကုန်တွေ ဝင်ရောက်နိုင်ဖို့ မြစ်ကြောင်းကို အသုံးပြုပြီး အဆင့်ဆင့် သယ်ယူနေရဆဲဖြစ်ပါတယ်။ 

ကုန်သယ်ယူရာမှာ ကြားခံအဆင့်တွေ ပိုများလာတာတွေ၊ လုပ်သားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာတွေကြောင့် အဲဒီကုန်ကျစရိတ်တွေဟာ မြစ်ကြီးနားမြို့အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ဟာ ဧရာဝတီမြစ်တစ်ဖက်တစ်ချက်မှာ တည်ရှိပြီး ဝိုင်းမော်၊ ဆဒုံး၊ ကံပိုက်တည်ဘက်က ဝင်လာတဲ့ ကုန်စည်တွေကို ဗလမင်းထင်တံတားကနေတစ်ဆင့် မြစ်ကြီးနားဘက်ကို သယ်ယူကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗလမင်းထင်တံတားဟာ နှစ်ဖက်ဒေသအကြား ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button