မြစ်ကြီးနား အခြေခံစားသောက်ကုန်ဈေးနှုန်း ဆက်မြင့်တက်၊ ကုန်စည်ဝင်လမ်းကြောင်းတွေ အခက်အခဲရှိ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ရပ်ကွက်ဈေးတွေမှာ ကြက်ဥတစ်လုံး ကျပ် ၁,၂၀၀ အထိ ရှိလာတယ်လို့ ဈေးသည်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားဈေးကွက်မှာ ကြက်ဥတစ်လုံး ကျပ် ၁,၂၀၀ ဝန်းကျင်၊ တစ်ကဒ် ကျပ် ၂၅,၀၀၀ ဝန်းကျင်အထိ ရှိနေပြီး ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၅,၀၀၀၊ ကြက်သွန်ဖြူ ကျပ် ၁၂,၀၀၀၊ အာလူး ကျပ် ၆,၀၀၀၊ ကုလားပဲ ကျပ် ၁၄,၀၀၀ နဲ့ ဆီကတော့ ကျပ် ၂၃,၀၀၀ ဝန်းကျင်အထိ ဈေးရှိနေတယ်လို့ သိရပါတယ်။

ကြက်သွန်နီက ရပ်ကွက်ဈေးတွေမှာဆိုရင် ပိုကြီးနေတာပေါ့။ တစ်သောင်းခွဲလောက်ရှိတယ်။ အခုက ဘာပဲဖြစ်ဖြစ် တစ်သောင်းကျော်သွားတာ။ ကြက်ဥတစ်လုံးကို ,၂၀၀ လောက်အထိ တက်သွားတာလေ လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်အထိ မြစ်ကြီးနားဈေးကွက်မှာ ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၆,၀၀၀ ကနေ ၇,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်လာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အခုလို အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ မြစ်ကြီးနားမြို့ကို ကုန်စည်ဝင်ရောက်တဲ့ လမ်းကြောင်းတွေမှာ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ရှိနေတာကြောင့်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့ကို အခြေခံစားသောက်ကုန်နဲ့ တခြားကုန်ပစ္စည်းတွေ အဓိကဝင်ရောက်တဲ့ လမ်းကြောင်းတွေကတော့ မန္တလေးမြစ်ကြီးနားလမ်းနဲ့ တရုတ်မြန်မာနယ်စပ် ကန်ပိုက်တည်ဆဒုံးလမ်း တို့ ဖြစ်ပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းပိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်က အင်းတော်မြို့ကို ထိန်းချုပ်ပြီးနောက် ဧရာဝတီမြစ်အရှေ့ဘက် လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်း စစ်ရေးအခြေအနေတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် လမ်းကြောင်းအသုံးပြုရာမှာ အခက်အခဲတွေ ဆက်ရှိနေပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်း မော်လူးမြို့နယ် စီပိန်းကျေးရွာတစ်ဝိုက်က လမ်းပိုင်းကို အသုံးပြုဖို့ အခက်အခဲတွေ ရှိလာတာကြောင့် ကုန်တင်ကားတွေဟာ မန္တလေးရွှေဘိုအင်းတော် လမ်းကြောင်းကို အသုံးပြုနေရပြီး အင်းတော်မြို့နယ်အတွင်းမှာတော့ ကွင်းလမ်းတွေကို ဆက်လက်အသုံးပြုနေရပါတယ်။

အင်းတော်ကွင်းလမ်းတွေမှာလည်း မိုးဆက်တိုက်ရွာသွန်းတာကြောင့် ရေကြီးပြီး လမ်းပိုင်းတွေ ပျက်စီးနေသလို ခရီးချိန်ကြာမြင့်တာ၊ ကားတွေကို ဆင်နဲ့ ထွန်စက်အသုံးပြုပြီး ဆွဲထုတ်ရတာတွေ ရှိနေပါတယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လည်း ပိုမိုမြင့်တက်လာတယ်လို့ ကားသမားတွေက ပြောပါတယ်။

လူအားတွေရော သုံးရတယ်။ ထွန်စက်ရော၊ ဆင်ရောဆိုတော့ ကုန်ကျစရိတ်က များသွားတာပေါ့။ ဆင်ဆွဲခကြီးပဲကို ၁၀ သိန်းလောက် အကုန်ခံပြီး သွားရတာ။ အခုလမ်းက ဆိုးတော့ ကုန်ကျစရိတ်က ပိုများသွားတယ်။ တချို့လမ်းဆိုးတော့ ဆင်သုံးကောင်လောက် ဆွဲရတယ်။ ဆင်တစ်ကောင်က တောင့်ပေးရတယ်၊ တစ်ကောင်က ဗွက်နစ်တာကို ရအောင်ဆွဲပေါ့ လို့ ကားသမားတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း တရုတ်မြန်မာနယ်စပ် ကန်ပိုက်တည်ဆဒုံးလမ်းပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ပွားနေသလို ဗလမင်းထင်တံတားအနီး စစ်ဆေးမှုတွေ တင်းကျပ်နေတာကြောင့် ကုန်တင်ကားတွေ ဝင်ရောက်ရာမှာ အခက်အခဲနဲ့ နှောင့်နှေးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုန်စည်ဝင်ရောက်တဲ့ လမ်းကြောင်းနှစ်ခုစလုံးမှာ အခက်အခဲတွေ ရှိနေတဲ့အတွက် မြစ်ကြီးနားဈေးကွက်ထဲ ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းလာပြီး ရှိတဲ့ကုန်ပစ္စည်းတွေကိုလည်း ဈေးနှုန်းမြင့်ပြီး ရောင်းချနေရတယ်လို့ ဈေးသည်တွေက ဆိုပါတယ်။

ကုန်သည်တွေနဲ့ ကားသမားတွေကတော့ လမ်းကြောင်းအခက်အခဲတွေ ဆက်ရှိနေသရွေ့ ကုန်စည်စီးဆင်းမှု လျော့နည်းတာနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ဆက်ရှိနိုင်တယ်လို့ ပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button