သတင်း

မြစ်ကြီးနား-မြစ်ဆုံလမ်း ယာဉ်တိုက်မှု အရှိန်မြင့်နေ

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြား ကားလမ်းမ အချောသပ် ပြုလုပ်ပြီးနောက် ယာဉ်တိုက်မှု …

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြား ကားလမ်းမ အချောသပ် ပြုလုပ်ပြီးနောက် ယာဉ်တိုက်မှုများ နေ့စဉ် ဖြစ်ပေါ်နေသည်ဟု ဒေသခံများ ပြောသည်။

မြစ်ကြီးနား-မြစ်ဆုံကြား ၂၇ မိုင်ရှိပြီး မြစ်ကြီးနားမှ နောင်နန်း ကချင် သမ္မာကောလိပ် ကျော် (၁၀ မိုင်အထိ) ကတ္တရာလမ်းကို အစောပိုင်းက ပြုလုပ်ခဲ့ပြီး ထိုမှ မြစ်ဆုံ စီမံကိန်းအထိမှာ  ၁ ပေ အထူရှိသည့် ကွန်ကရစ်လမ်းသစ် ဖြစ်သည်။

ပြီးခဲ့သည့်အပတ် ဒီဇင်ဘာလဆန်းပိုင်းတွင် မူးယစ်ရဲအရာရှိ သုံးပွင့်ဗိုလ်ကြီးနှင့် အမျိုးသမီးတစ်ဦး မြစ်ကြီးနားမှ မြစ်ဆုံအလာ ၁၀မိုင်ကျော် လမ်းတွင် ယင်းဒေသခံတစ်ဦးနဲ့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ မူးယစ်ဗိုလ်နှင့် ဒေသခံတစ်ဦးတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ အမျိုးသမီးမှာ ထိခိုက်ရာရရှိခဲ့သည်ဟု မြင်တွေ့ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။

“အလောင်းနှစ်လောင်းကို တွေ့တယ်။ လမ်းမှာလည်း သွေးတွေ အပြည့်ပဲ။ ကောင်မလေးကိုကြတော့ သုံးဘီးကားနဲ့ ဆေးရုံကို ခေါ်သွားလိုက်ကြတယ်။” ဟု အမျိူးသမီးမှ ပြောသည်။

၎င်းယာဉ်တိုက်မှု မဖြစ်မှီ နိုဝင်ဘာလကုန်ပိုင်း၌လည်း ၁၀မိုင်လမ်းထဲတွင် မည်သို့တိုက်ထားသည်မသိရဘဲ လူတစ်ဦးအလောင်းနဲ့ ဆိုင်ကယ်အပျက်တစ်စီး တွေ့ရကြောင်း တန်ဖရဲ ဒေသခံတစ်ဦးပြောသည်။

ယခုလိုယာဉ်တိုက်မှုမှာ နေ့စဉ်နဲ့ အမျှ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေပြီး ဆိုင်ကယ်၊ မော်တော်ကား အရှိန်ပြင်းစွာ မောင်းပြီး မော်တော်ယာဉ် မှောက်မှုလည်း မကြာခဏဖြစ်နေကြောင်း သိရသည်။

အောက်တိုဘာလကုန်ပိုင်း၌လည်း တယန်ဇွပ်် ကျေးရွာမှ မြစ်ကြီးနားသွား ခရီးသည်၁၀ဦးကျော်ပါသည့် လိုင်းကားတစ်စီး  မှောက်၍ ခရီးသည်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်ခရီးသည်များ ဒဏ်ရာရရှိခဲ့သည်ဟု ကားပိုင်ရှင်အမျိုးသမီးမှ ဆိုသည်။

ဆက်ပြီး ၎င်းမှ “အဒေါ်တို့လည်း မော်တော်မှောက်တဲ့ အမှုဖြစ်တာကြောင့် ရုံးခဏခဏ သွားနေတော့ မြင်တွေ့နေရတယ်။ အမြဲ အဲ့လမ်းက ယာဉ်တိုက်မှုဖြစ်တာ။ နေ့တိုင်းရုံးချိန်းသွားနေတော့ တွေ့နေရတယ်။ ရဲစခန်းတို့မှာလည်း ခဏခဏ တွေ့နေရတယ်။” ဟု ဆက်ပြောသည်။

ဒီဇင်ဘာလဆန်း ပြီးခဲ့တဲ့ အပတ်တွင်လည်း တစ်ရက်ထဲမှာပင် ကျောင်းသားတစ်ဦး ယာဉ်တိုက်မှုဖြစ်ကာ ညနေပိုင်းတွင် အဘိုးအိုတစ်ယောက် တစ်ခါ ယာဉ်တိုက်မှုဖြစ်ခဲ့သည်။ အဘိုးအိုမှာ ခြေထောက်ထိကာ ဆေးရုံတင်လိုက်ရကြောင်း ဒေသခံ ခရစ်ယာန်ဆရာတစ်ဦးမှ ပြောသည်။

“လမ်းကောင်းသွားတော့ အခုရောက်နေတဲ့ အလုပ်သမားတွေက အောက်ပိုင်းက ဆိုင်ကယ်မစီးဖူးတာတွေ လည်း ပါတယ်။ ဒီမှာလမ်းကောင်းသွားတော့ တအားကြမ်းတယ်။ ကျောင်းသားတွေ သူတို့ဖာသာကျောင်းသွား တာကို သွားတိုက်တာ။” ဟု ခရစ်ယာန်ဆရာတစ်ဦးမှပင် ဆက်ပြောသည်။

တစ်ဆက်တည်းမှာပင် မြစ်ဆုံရွှေမော် စည်နေခြင်းကြောင့် ရွှေကျင်လုပ်သားများနှင့် တရုတ်ဆောက်လုပ်ရေး အလုပ်သမားများဖြင့် လူစည်ကားကာ မော်တော်ယာဉ်တိုက်မှုမှာ တစ်နေ့လျင် နှစ်ကြိမ် အနည်းဆုံး ဖြစ်နေသည်ဟု တန်ဖရဲဒေသခံတစ်ဦးမှ ဆက်ပြောသည်။

Show More

Related Articles

Back to top button