မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဟူးကောင်းတောင်သူများ လယ်ယာမြေ ပြန်လည်ရရှိရေး ဆက်လက် တောင်းဆို

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမ ဝါရာဇွပ် (Wa Ra Zup) ကျေးရွာရှိ တောင်သူများမှ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ တွင်ပြုလုပ်သည့် အခမ်းအနားတွင် တောင်သူများမှ တာဝန်ရှိသူများထံ အချက် ၅ ချက်တောင်းဆိုခဲ့ကြသည်။

ထိုအချက်များမှာ တောင်သူများမှ ဟူးကောင်းဒေသရှိကျေးရွာ တခုစီ၏ ရှိသင့်ရှိထိုက်သော လိုအပ်မြေများ လုံလောက်စွာ ရရှိရေး၊ မတရားသိမ်းဆည်းထားသော လယ်ယာမြေများ အားလုံးပြန်လည်ရရှိရေး၊ ယုဇနကုမ္မဏီစက်ရုံမှ ထုတ်လွတ်သောစွန့်ပစ်အညစ်အကြေး အရည်နှင့် အနံ့ဆိုးများဖယ်ရှားပေးရေး၊ ဟူးကောင်းဒေသနေ တောင်သူများ လယ်ယာမြေထွန်းကားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍမြှင့်တင်ပေးရန်နှင့် လယ်ယာမြေများ ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုအပ်သော ဆည်၊ ရေနှင့် ရေလှောင်တမံများ တည်ဆောက်ပေးရေး စသည့်အချက်များတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဝါရာဇွပ် (Wa Ra Zup) ကျေးရွာတွင် ပြုလုပ်သည့် တောင်သူလယ်သမားများနေ့အခမ်းအနားတွင် ဒေသခံတောင်သူများ ၁၀၀ ခန့်တက်ရောက်ပြီး အထက်တန်းရှေ့နေဦးမာခါးမှ လယ်ယာမြေနှင့် ပတ်သက်သည့် အသိအမြင်ပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

လယ်ယာမြေနှင့် ပတ်သက်၍ အသိအမြင်ရရှိစေရန်နှင့် လုံလောက်သော စိုက်ပျိုးမြေ၊ လိုအပ်မြေများရရှိကာ ဘဝတိုးတက်မြှင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဝါရာဇွပ် (Wa Ra Zup) ကျေးရွာအုပ်စု တောင်သူများတာဝန်ခံ လရှီးအောင်လတ် (Lashi Awng Lat) ပြောသည်။

၂၀၀၆ ခုနှစ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမတလျှောက် ယုဇနကုမ္မဏီများရောက်ရှိလာချိန်မှ ဒေသခံတောင် သူများ၏ လယ်ယာမြေအားလုံး သိမ်းဆည်းပြီး ဒေသခံတောင်သူများ လယ်ယာမြေပျောက်ဆုံးကာ နေ့စဉ်ခက်ခဲမှု ပြဿနာများဆိုင်ရင်နေရခြင်းဖြစ်သည်။

ဟူးကောင်းချိုင့်ဝှမ်း လီဒို လမ်းမတလျှောက်ရှိ ကျေးရွာ ၁၀ ရွာရှိ တောင်သူများသည် ၂၀၁၄ ခုနှစ်တွင် ယုဇန ကုမ္မဏီပေါ် ‘အလိုရှိ မရှိ’ ဆန္ဒမဲများကောက်ယူခဲ့ရာ ယုဇနအလိုမရှိကြောင်း ဆန္ဒမဲအများစုရရှိခဲ့ပြီး သတင်းစာ ရှင်းလင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ဆုံးရှုံးသွားသည့် လယ်ယာမြေများပြန်လည်ရရှိရန် တရားဥပဒေနည်းလမ်းမှ အချက် ၂ ချက်ဖြင့် ကြိုးစားနေဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာမှ ပြောသည်။

“ယခင်က ဆုံးရှုံးသွားတဲ့ နယ်မြေများကို ဆက်ပြီး ပြန်လည်ရရှိဖို့ ကြိုးစားနေချိန်မှာ ဥပဒေက တရားများ အများကြီးပြောင်းလဲလာတာကို တွေ့ရတယ် အရင်က ပြေစာအထောက်အထားမရှိရင် သိမ်းပေးလိုက်ဒါတွေ အများကြီးပဲ ဒါမဲ့အခုက ပြေစာတွေ အထောက်အထားတွေ မရှိရင်လည်း တစ်သက်လုံး ဒီတောင်သူလုပ်ငန်းကို လုပ်ကိုင်စားသောက်ခဲ့တာတွေ တင်ပြခဲ့ချိန်မှာ သမ္မတကနေ တကယ်လုပ်ငန်စားသောက်နေတဲ့ပတ်ဝန်းကျင်က ၄ ယောက်ထောက်ခံပေးရင် ပြန်ရနိုင်တယ်ဆိုတာနဲ့ ၁၉၈၄ မြေသိမ်းဥပဒေနဲ့ ကိုက်ညီမကိုက်ညီကြောင်းကို ချိန်ယူပြီး ရှင်းလင်းပေးတဲ့တချို့ကို တွေ့လာရတယ်။ စီမံကိန်းအရ ၆ လ အတွင်းအကောင်အထည်မဖော်လျှင် မူလပိုင်ရှင်အတိုင်း ပျက်ပြေသွားမည်ဆိုတာမျိုးနဲ့ အမျိုးသားမြေအသုံးချမှု မူကြမ်းကိုလည်း ဆက်လက် ကန့်ကွက်နေတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။

ယုဇနကုမ္မဏီရောက်ရှိလာခြင်းကြောင့် ဟူးကောင်းချိုင့်ဝှမ်းလီဒိုလမ်းမ တလျှောက်ရှိဒေသခံများသည် လုပ်ကိုင်စားသောက်မည့် နေရာများပျောက်ဆုံးကာ ကျွဲ၊ နွား ပျောက်ဆုံးပြီး ဆုံးရှုံးနှစ်နာမှုများခံစားနေရသောကြောင့် တောင်သူများက တောင်သူလယ်သမားနေ့တွင် တောင်းဆိုမှုများပြုလုပ်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button