စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ ဓါးပြတိုက်၊ လုယက်မှုသောင်းကျန်းနေ

ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အရပ်သားပြည်သူတွေဆီကနေ ဓါးပြတိုက်၊ လုယက်တဲ့ ဖြစ်စဉ်တွေဟာ ပိုမိုဆိုးရွားလာပြီး ပြည်သူတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ သောင်းကျန်းနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကနေ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက လုံးခင်းဆေးရုံကုန်းဟောင်းနဲ့ သင်္ဂဟလူမူကူညီရေးရုံးတွေမှာ တပ်စွဲထားပြီး ပြည်သူတွေဆီကနေ ငွေသားအပြင် တန်ဖိုးရှိ ပစ္စည်းတွေကို အတင်းအဓမ္မ ဓါးပြတိုက်၊ လုယူနေတာ ၃ လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေက လုံးခင်းကျေးရွာထဲ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ နေအိမ်တွေမှာ ဝင်ရောက်ပြီး သေနတ်ထောက်လုယက်တာတွေ၊ ရွာလမ်းမကြီးတွေမှာ ကင်းပုန်းဝပ့်ပြီး လက်ဝတ်ရတနာအပြင် ကား၊ ဆိုင်ကယ်၊ ဖုန်းတွေကို အတင်းလုယူနေတာဖြစ်တယ်လို့ ဖားကန့် ဒေသခံပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လုံးခင်းမှာက ၄ လပိုင်းကုန်ခါလောက်ကနေ ဆေးရုံကုန်းတွေမှာ စစ်ကြောင်းထိုးထားတဲ့ စုပေါင်းပြည်သူ့စစ်တွေက အရမ်းဆိုးနေတယ်။ ဆေးရုံကုန်းနေရာကနေ ဆင်းလာပြီးတော့ လမ်းကြားနေရာတွေမှာ လမ်းပေါ် တွေ့တဲ့ ပြည်သူတွေဆီမှာ ပါတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို မရမက လုယူတာတွေလုပ်တယ်။ အဲ့ဒီလမ်းက ကျောက်ဝိုင်းသွားတဲ့ လမ်းမကြီးနဲ့ တန်းရောက်တဲ့လမ်းဟုတ်တယ်။ အဓိက ယူတာက ငွေသား၊ ဖုန်း၊ ဆိုင်ကယ်၊ ကျောက်အကုန်ယူတယ်လို့ပြောပါတယ်။

နောက်ပြီး ပြည်သူပိုင် အိမ်စီးကားတွေကိုလည်း အတင်းအဓမ္မ စီးနင်းသိမ်းယူတာတွေ၊ ငွေကြေးချမ်းသာတဲ့ နေအိမ်တွေမှာ ဝင်ရောက်ကာ သေနတ်ထောက် ငွေညှစ်တာတွေ၊ အိမ်တွင်းထားရှိတဲ့ တန်ဖိုးရှိ ပစ္စည်းတွေသိမ်းယူသွားတာတွေ ဆက်တိုက်ကျူးလွန်းနေတယ်လို့ ဆက်ပြီးပြောပြပါတယ်။

ကားတွေ လုယူပြီးရင် လျှောက်ပတ်မောင်း တစ်အိမ်ပြီး တစ်အိမ်ဝင် တံခါးမဖွင့်ပေးတဲ့ အိမ်တွေဆိုရင် အိမ်ရှေ့တံခါးဝ ရိုက်ဖွင့်ပေး၊ ပြီးရင် အိမ်ထဲဝင် သူတို့ စိတ်ကြိုက်ဝင်မွှေတာ သူတို့ကြိုက်တာတွေ့ရင်ယူသွားတယ်။ ပြည်သူတွေက နေ့တိုင်းလိုလို ကြောက်ပြီးမှပဲ နေရတော့တယ်လို့ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အဖွဲ့လိုက် အုပ်စုခွဲကာ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်ကနေ ညအချိန်အထိ စစ်ရေးလှုပ်ရှားသွားလာပြီး အရပ်သားပြည်သူတွေဆီကနေ ဓါးပြတိုက်၊ လုယက်မှု လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကနေ ယခု ဇွန်လအထိ အရပ်သားပြည်သူတွေဆီကနေ ကြီးမားတဲ့ ဓါးပြတိုက်လုယက်ခံရတဲ့ဖြစ်ဉ် ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ လုံးခင်းကျေးရွာ ရပ်ကွက်() ထဲက နေအိမ်တစ်ခုထဲကို ဝင်ရောက်လာပြီး သေနတ်ထောက်ကာ Tablet တစ်လုံး၊ ဘုရားကျောင်းအလှူငွေအပါ ငွေသား သိန်း ၃၀ ကျော်လုယူသွားတဲ့ဖြစ်စဉ်တစ်ခု၊ ဧပြီ ၂၅ ရက်နေ့ လုံးခင်းရပ်ကွက်() နေအိမ်တစ်ခုမှာ သေနတ်ကိုင်ဆောင်တဲ့ လူ ၅ ဦးဝင်လာပြီး ဖုန်း ၂ လုံး၊ ရွှေ နှစ်ကျပ်သား၊ ရွှေဆွဲကြိုး တစ်ကွင်း၊ ရွှေလက်ကောက်တစ်ကွင်းနဲ့ ငွေသား သိန်း ၅၀ လုယက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

မေလ ထဲမှာတော့ အဆိုးရွားဆုံးဖြစ်ပြီး ဓါးပြတိုက် လုယက်ခံရတဲ့ဖြစ်စဉ် ၉ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မေလ ၁၁ ရက်နေ့ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးက လုံးခင်း ရပ်ကွက်() ရှိ နေအိမ်တစ်ခုကို ဝင်ရောက်ပြီး ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေးသား တစ်သိန်း ၅ သောင်း လုယူသွားတဲ့ဖြစ်စဉ်၊ မေလ ၂၂ ရက်နေ့မှာ လုံးခင်းရပ်ကွက် ဆိုင်ကယ်ဝပ့်ရှော့ဆိုင်တစ်ခုက ငွေသား ၅ သိန်းလုယူသွားတဲ့ဖြစ်စဉ်၊ Jade Love လမ်းမကြီးရှေ့ ဖားကန့်ဘက်ကိုသွားတဲ့ အမျိုးသားတစ်ဦးဆီက ငွေသား ၁၈ သိန်း ခြိမ်းခြောက်လုယူသွားတဲ့ဖြစ်စဉ်နဲ့ ည ၈ နာရီဝန်းကျင်လောက်မှာ KBC ဘုရားကျောင်းရှေ့မှာလည်း ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူတစ်ဦးရဲ့ ဆိုင်ကယ်အတင်းအဓမ္မလုယူသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

နောက်ပြီး မေလ ၂၃ ရက်နေ့မှာ လုံးခင်းရပ်ကွက် ()ရှိ နေအိမ်တစ်ခုကို သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၃ ဦးဝင်ရောက်လာပြီး ငွေသား ၁၈ ဦးအပြင် Kpay နဲ့ ၈ သိန်း ထပ်မံလွဲခိုင်းတဲ့ဖြစ်စဉ်၊ ည ၇ နာရီခွဲဝန်းကျင် ဆိုင်တစ်ခုမှာ Crown ကားအဖြူရောင်တစ်စီးနဲ့ သေနတ်ကိုင်တဲ့ လူ ၅ ဦးဝင်ရောက်လာကာ Iphone 16 Pro Max တစ်လုံးလုယက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

နောက်ထပ် မေလ ၂၄ ရက်နေ့ထဲမှာ KBC ဘုရားကျောင်းအနီး လမ်းမကြီးနဘေးမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက အမျိုးသားတစ်ဦးဆီက ငွေသား ၁၀ သိန်းထပ်မံ လုယက်ခံခဲ့ရတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ယခုဇွန်လ ၉ ရက်ထဲမှာလည်း အောင်ရာကျေးရွာရှိ နေအိမ်တစ်ခုမှာ Crown ကားအဖြူတစ်စီးနဲ့ လူ ၄ ဦး သေနတ်ကိုင်ဆောင်ကာ ရောက်လာပြီး သိန်း ၁၅၀ အပြင် ဘတ်ထရီတစ်လုံး၊ ဆီ ၂ ပေပါနဲ့ လက်ကိုင်ဖုန်း ၂ လုံးလုယက်သွားတဲ့ဖြစ်စဉ်၊ ဇွန်လ ၁၁ ရက်နေ့မှာ လုံးခင်းရပ်ကွက်() ရှိ နေအိမ်တစ်ခုကို ကားတစ်စီးနဲ့ လူ ၂ ဦးသေနတ်ကိုင်ဆောင်ပြီး ငွေသားသိန်း ၃၀ တိတိ ခြိမ်းခြောက်လုယူသွားတဲ့ ဖြစ်စဉ်အသီးသီးရှိခဲ့ပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကနေ ဖားကန့်ဒေသထဲကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် ပြည်သူတွေဆီကနေ လုယက်သောင်းကျန်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိ လုံးခင်းကျေးရွာအတွင်း တပ်စွဲနေရာယူထားတဲ့ စစ်တပ်နဲ့ ပြည်သူတွေ အရပ်သားပြည်သူတွေဆီကနေ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူ၊ လုယက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နောက် ပြည်သူတစ်ဦးကပြည်သူတွေက ခြိမ်းခြောက်လုယက်ခံရတဲ့ဖြစ်စဉ်တွေက ပုံမှန်ဖြစ်နေဆဲဖြစ်ပါတယ်။ ဥပမာမရှီကထောင် ဆုတောင်းကုန်းတဝိုက်ပဲ ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူပြီးတော့ စျေးပေါပေါနဲ့ ပြန်ရောင်းနေတာတွေလုပ်နေတယ်။ ပြီးရင် ညနေပိုင်း ရောက်ပြီဆိုရင်လည်း နမ္မဖြစ်၊ မှော်ဆီစာ၊ လုံးခင်းသွားတဲ့ လမ်းပိုင်းနေရာတွေမှာ လမ်းပေါ်ထွက်ပြီးတော့ စစ်ဆေးတာတွေလုပ်ပြီး ပိုက်ဆံတောင်းတာတွေလုပ်တယ်။ အခုပိုဆိုးနေတာက Kpay တွေအထိဖွင့်ခိုင်းတယ်။ ပိုက်ဆံရှိတဲ့အကောင့်တွေဆိုရင် ငွေတွေလွှဲခိုင်းတယ်လို့ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ဆေးမေးမြန်းပြီး တန်ဖိုးရှိ လက်ဝတ်ရတနာတွေကို ဓါးပြတိုက်သိမ်းယူတဲ့အပြင် အခုနောက်ပိုင်း ဖုန်းထဲ Kpay တွေဖွင့်ခိုင်းပြီး ငွေတွေအတင်းအဓမ္မလွှဲခိုင်းတဲ့ အထိသောင်းကျန်းနေတယ်လို့သိရပါတယ်။

သတင်းမှာဖော်ပြထားတဲ့ ဖြစ်စဉ်တွေဟာ ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုလာတဲ့ အချက်အလက်တစ်ချို့သာဖြစ်ပြီး စစ်တပ်ဝင်ရောက်နေရာယူထားတဲ့ ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဓါးပြတိုက် လုယက်ခံရတဲ့ဖြစ်စဉ်တွေဟာ ပိုပြီးဆိုးရွားလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button