မန္တလေး–မြစ်ကြီးနားလမ်းပိုင်း လုံခြုံရေးစိုးရိမ်မှုများရှိနေဆဲ
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုပြန်လည်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ လမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အဲ့ဒီလမ်းပိုင်းဟာ မကြာခဏ ပိတ်ဆို့ခဲ့ရသလို ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီပြီး လမ်းကြောင်းပေါ်မှာ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။
လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်ရှိလာပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
“အခုက လုံခြုံမှုခံစားရပြီလားဆိုရင်တော့ အဲ့လိုပြောဖို့တော့ စောပါသေးတယ်။ အဲ့လိုကြီးလည်း မဟုတ်သေးဘူး။ ပုံမှန်လိုပဲ ကျနော်တို့ သွားနေတဲ့အတိုင်းပေါ့။ လုံခြုံမှုရှိလားဆိုရင်တော့ လောလောဆယ်တော့ အရမ်းကြီး မခံစားရသေးဘူး။ စိုးရိမ်မှုတွေတော့ ရှိသေးတာပေါ့”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဘက်တွေမှာ တပ်အင်အားတွေ ဆက်လက်ချထားသလို အဓိကလမ်းဆုံတွေ၊ တံတားတွေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာလည်း လုံခြုံရေးယူထားဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် လမ်းကြောင်းကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ လမ်းကြောင်းပေါ်မှာ ဆက်လက် သွားလာနေသေးတာကြောင့် အရပ်သားယာဉ်တွေကလည်း ပုံမှန်ထက် နှေးကွေးစွာသွားလာ နေရတယ်လို့ သိရပါတယ်။
“အခုက စစ်တပ်ယာဉ်တန်းက ပြန်လာတယ်။ မိုးညှင်း မော်ဟဲရွာကနေ မန္တလေးဘက်ကို ပြန်လာတာ။ မနေ့ကပဲ ကားသမား တစ်ယောက်က လှမ်းပြောတယ်။ ယာဉ်တန်းတွေဆင်းသွားနေတယ်၊ ဂရုစိုက်ကြပါပေါ့။ ဒီနေ့တောင် စဉ့်ကူး လက်ပံလှကို ရောက်နေပြီ”လို့ သူက ဆက်ပြောပါတယ်။

မန္တလေး–မြစ်ကြီးနား လမ်းမကြီးဟာ ကချင်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီ အများစုကို အဓိက သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် လနဲ့ချီပြီး သွားလာရေးခက်ခဲခဲ့တဲ့ အဲ့ဒီလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကောင်စီဘက်ကတော့ ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ စစ်အင်အားတိုးချထားတာ၊ ထောက်ပို့ယာဉ်တန်းတွေ စေလွှတ်တာနဲ့ လမ်းကြောင်း တစ်လျှောက် လုံခြုံရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ယာဉ်မောင်းတွေကြားမှာတော့ အခု မန္တလေးဘက်ကို ပြန်ဆင်းလာနေတဲ့ ယာဉ်တန်းတွေဟာ ကချင်ဒေသတွေနဲ့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် လိုအပ်တဲ့ ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီးနောက် ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
“အဲ့ဒီ တက်သွားတဲ့ ယာဉ်တန်းက ပြန်လာတာလားတော့ မသိဘူး။ နေရာချစရာတွေ ချပြီးတော့ ပြန်လာတာ ထင်ပါတယ်။ အဓိကကတော့ သူတို့က ရုံးတွေပြန်ဖွင့်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ဝန်ထမ်းတွေသွားပို့ဖို့၊ ကျောင်းဖွင့်တာဆိုရင် စာအုပ်တွေ စာရွက်စာတမ်းတွေ သယ်တာပေါ့။ အဲ့လိုလုပ်နေတာလို့ ကျနော်တို့ ကြားပါတယ်”လို့ နောက်ထပ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် အဆိုပါ ယာဉ်တန်းတွေရဲ့ တိကျတဲ့တာဝန်နဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုတော့ KNG အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်းတော့မရှိသေးပါဘူး။
ဒါကြောင့် လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်လည်ရှိလာပေမယ့်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေကတော့ လုံးဝ လျော့ကျသွားတာမျိုး မရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
By – အမိုး




