ရွှေကူမှာ အခြေခံစားသောက်ကုန် ပြတ်လပ်မှု စတင်ကြုံတွေ့နေ
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန် ပြတ်လပ်မှုတွေ စတင်ကြုံတွေ့လာရပြီလို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ကစပြီး မြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ပေးထားတဲ့ အထက်လေးလမ်းဆုံ၊ ငါးလမ်းဆုံ၊ ရွှေကူ–ကိုင်းရွာလမ်းပိုင်း၊ ရွှေကူ–ရွှေဘုန်းမြင့်လမ်းပိုင်းနဲ့ ရွှေကူ–တော်လန်ရွာ ကားလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးနေပါတယ်။
ဒါကြောင့် အဲဒီလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ စစ်ရေးအခြေအနေကြောင့် မြို့ပေါ်ဈေးသွားဝယ်ယူလို့မရတော့အတွက် ကျေးရွာတွင်းအခြေခံစားသောက်ကုန်စတင်ပြတ်လပ်လာတာဖြစ်တယ်လို့ စီသာကျေးရွာနေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ရွာဘက်ကလူတွေ အတော်ဒုက္ခရောက်နေကြတယ်။ စစ်ကြောင်းတွေက ကားလမ်းပိုင်းအတိုင်း တက်လာနေတော့ မြို့နဲ့ အဆက်အသွယ်ပြတ်သွားတယ်။ အခု စက်သုံးဆီကအစ ဟင်းသီးဟင်းရွက်အဆုံး မြို့ပေါ်တက်ဝယ်လို့ မရတော့ ဘယ်မှာမှ ဝယ်မရဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ လမ်းပိုင်းတစ်လျှောက်မှာ စီသာ၊ စီသောင်၊ တော်လန်၊ ကိုင်းရွာ၊ ငဘတ်ကြီး၊ နန့်လန်၊ နောင်လတ်ကြီးနဲ့ မံနားစတဲ့ ကျေးရွာတွေ ရှိနေကြောင်း သိရပါတယ်။
အဲဒီကျေးရွာတွေက ပြည်သူတွေဟာ နေ့စဉ်လိုအပ်တဲ့ ဟင်းသီးဟင်းရွက်၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ အခြား အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေကို ရွှေကူမြို့ပေါ်တစ်ခုတည်းကို အဓိက အားထားနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွှေကူမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား စစ်ရေးတင်းမာနေတဲ့အတွက် ပြည်သူတွေ သွားလာလို့မရတော့ဘဲ အခုလို အခက်အခဲတွေ ကြုံတွေ့နေရတာလို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ အထက်ဖော်ပြပါ ကျေးရွာတွေဘက်မှာ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်လာသလို ဆေးဝါးနဲ့ စက်သုံးဆီတွေလည်း ရှားပါးလာပြီလို့ သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့က ရွာအတွက် အရေးပေါ်လိုအပ်နေတဲ့ ကုန်ပစ္စည်းတချို့ ဝယ်ယူဖို့ စီသာကျေးရွာဒေသခံ အမျိုးသား ၆ ဦးဟာ ကွင်းလမ်းကို အသုံးပြုပြီး ရွှေကူမြို့ထဲ သွားရောက်စဉ် လမ်းခုလတ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဒေသခံတွေက ဆိုပါတယ်။
“မနေ့က ကျွန်တော်တို့ရွာသား ၆ ယောက် မြို့ထဲကို ကွင်းလမ်းကနေ ဆိုင်ကယ် ၃ စီးနဲ့ ဈေးဝယ်သွားတာ။ စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဆိုင်ကယ်တစ်စီးရဲ့ အရှေ့ဘီး စုတ်ပြတ်သွားတယ်။ ဆိုင်ကယ်မောင်းတဲ့သူလည်း ခြေထောက်ထိခိုက်သွားတယ်”လို့ စီသာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီတပ်ဟာ မြို့အဝင်က ကွင်းလမ်းတွေနဲ့ ဖြတ်လမ်းအသုံးပြုလို့ရတဲ့ လမ်းပိုင်းတချို့မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားကြောင်း သိရပါတယ်။
လက်ရှိမှာ ကျေးရွာတွေကို ဆက်သွယ်ပေးထားတဲ့ အထက်ဖော်ပြပါ လမ်းပိုင်းတွေကို တရားဝင်ပိတ်ထားတာ မရှိပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ သွားလာဖို့ ခက်ခဲနေကြောင်း သိရပါတယ်။
“ရွှေကူ–ငအိုးလမ်းကိုပဲ ပိတ်ထားတာ။ တခြားလမ်းတွေတော့ မပိတ်ထားဘူး။ ဒါပေမယ့် စစ်ကြောင်းတွေက အဲဒီလမ်းအတိုင်း တက်လာနေတော့ သူတို့နဲ့ ထိပ်တိုက်တိုးမိရင် လွတ်လမ်းမရှိဘူး။ အဲဒါကြောင့် မသွားရဲ၊ မလာရဲ ဖြစ်နေကြတာ” လို့ စီသာကျေးရွာနေ အမျိုးသားက ဆက်ပြောပါတယ်။
လက်ရှိ ရွှေကူမြို့နယ်အတွင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့အခြေစိုက် ခ.လ.ရ (၅၆) တပ်ရင်းက တပ်ဖွဲ့ဝင်တွေအပြင် ပြီးခဲ့တဲ့ မေလအစပိုင်းက ရွှေကူ–ငအိုးလမ်းကနေတစ်ဆင့် ထီးချိုင့်နဲ့ တကောင်းဘက်က ဝင်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
By – Zaw Zaw




