လမ်းပိုင်းအခက်ခဲကြောင့် အင်းရွာဇက်ဆိပ်မှာ ယာဉ်များစုပုံနေ
စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာ မိုးတွင်းကာလ ရောက်ရှိလာတာနဲ့အမျှ ရင်ကွဲတောင်လမ်းပိုင်း သွားလာရခက်ခဲလာတာကြောင့် အင်းရွာဇက်ဆိပ်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ စုပုံနေတယ်လို့ လမ်းကြောင်းအသုံးပြုနေတဲ့ ကားသမားတွေက ပြောပါတယ်။
မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ ယာဉ်အများစုဟာ မြတောင်လမ်းဆုံအရောက်မှာ ထီးချိုင့်တံတားလမ်းကြောင်းနဲ့ ရင်ကွဲတောင်လမ်းကြောင်းကို မရွေးတော့ဘဲ အင်းရွာဇက်ဆိပ်ကနေ ဖြတ်သန်းတဲ့လမ်းကိုသာ အသုံးပြုနေကြတာလို့ သိရပါတယ်။
“ရင်ကွဲတောင်လမ်းပိုင်းက မိုးရွာရင် သွားရလာရခက်တယ်။ မြတောင်လမ်းဆုံရောက်တာနဲ့ ကားသမားအများစုက အင်းရွာဇက်ကိုပဲ ရွေးကြတယ်။ အဲ့ဒီဇက်ဆိပ်မှာလည်း ကားတွေပြုံနေတာပဲ”လို့ လမ်းကြောင်းအသုံးပြုနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
အဲ့ဒီလို ယာဉ်တွေစုပုံနေတာကြောင့် ဇက်ဆိပ်ကို ရောက်လာတဲ့ကားတွေဟာ တစ်ရက်အတွင်း ချက်ချင်းဖြတ်ကူးနိုင်တာမျိုး မဟုတ်ဘဲ နောက်ရက်အထိ စောင့်ဆိုင်းရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ကားသမားတွေအနေနဲ့ ရင်ကွဲတောင်လမ်းကို အသုံးပြုမယ်ဆိုရင် မိုးရွာတဲ့အချိန် လမ်းချော်တာ၊ ရွံ့နွံထူတာတွေကြောင့် ထွန်စက်နဲ့ ဆွဲယူရတဲ့ အခြေအနေတွေ ကြုံရပြီး ကုန်ကျစရိတ်လည်း ပိုများတယ်လို့ ဆိုပါတယ်။
“ရင်ကွဲတောင်က သွားခိုင်းတယ်ဆိုရင်တောင် မိုးရွာရင် လမ်းဆိုးတဲ့အတွက် ထွန်စက်တွေနဲ့ ဆွဲရတာ။ ကားတွေလည်း နာတယ်ပေါ့ဗျာ။ ပြီးတော့ ထွန်စက်ဖိုးက ဇက်ဖိုးထက်တောင် ဈေးများတဲ့အတွက် မြတောင်လမ်းဆုံရောက်ပြီဆိုတာနဲ့ ကားသမားတွေက ရင်ကွဲတောင်လမ်းကို မရွေးတော့ဘဲ အင်းရွာဇက်ကူးမယ့်လမ်းကို ရွေးကြတာများတယ်။ ပိတ်ထားတယ်ရယ်လို့လည်း မဟုတ်ဘူး။ မိုးတွင်းမှာ ပုံမှန်ဖြစ်နေကျအတိုင်း ဖြစ်တာပါ”လို့ အထက်ပါ ကားသမားက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းကို အသုံးပြုတဲ့ ယာဉ်အရေအတွက်ဟာ တဖြည်းဖြည်း ပြန်လည်များပြားလာနေပေမယ့် ရင်ကွဲတောင်လမ်းပိုင်းမှာ သွားလာရေးအခက်အခဲကြောင့် အင်းရွာဇက်ဆိပ်ကို အသုံးပြုတဲ့ ယာဉ်အရေအတွက်လည်း ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ ကသာ၊ အင်းတော်၊ မော်လူးဘက်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မန္တလေး−မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ လမ်းကြောင်းပေါ်မှာ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
တစ်ဖက်မှာ စစ်တပ်ဘက်က ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဘက်တွေမှာ စစ်အင်အားနဲ့ ထောက်ပို့ယာဉ်တန်းတွေ တိုးမြှင့်ချထားပြီး မန္တလေး−မြစ်ကြီးနားလမ်းမကြီးတစ်လျှောက် လုံခြုံရေးယူတာ၊ လမ်းကြောင်းရှင်းလင်းတာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မန္တလေး−မြစ်ကြီးနားလမ်းမကြီးဟာ ကချင်ပြည်နယ်ကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အဓိက ဆက်သွယ်ထားတဲ့ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီအများစုကိုလည်း အဲ့ဒီလမ်းကြောင်းကတစ်ဆင့် သယ်ယူပို့ဆောင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါလမ်းပိုင်း ပိတ်ဆို့တာ ဒါမှမဟုတ် သွားလာရခက်ခဲတာတွေ ဖြစ်ပေါ်လာတဲ့အခါ ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။
By – အမိုး




