ဖားကန့်မှာ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရ
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက်(၅)မှာရှိတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဓားပြဝင်တိုက်သွားတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ဒေသခံတွေပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာဖြစ်ခဲ့တယ်လို့သိရပြီး ဓားပြတိုက်ခံရတဲ့ အိမ်ရှင်မိသားစုတွေရဲ့ ငွေကျပ်သိန်း ၃၀ ကျော်ပါသွားတယ်လို့သိရပါတယ်။
“အဲနှစ်ယောက်က ဖားကန့်ထဲ အာဏာပြပြီး အဲလိုလုပ်စားနေတာ ကြာနေပြီ။ သေနတ်ပါတော့ အိမ်ရှင်ကလည်းဘာမလုပ်ရဲ ၃၀ ကျော်ပါသွားတယ်ပြောတယ်”လို့ ဖားကန့်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် ညပိုင်းမှာလည်း မှော်စီစာကျေးရွာ စာသင်ကျောင်းရှေ့ လမ်းဆုံအနီးရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ကလေးငယ်ရဲ့ ကျောင်းလွယ်အိတ်အပါအဝင် ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်လကျော်အတွင်း လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာလည်း လမ်းသွားလမ်းလာနေသူတွေရဲ့ ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးနဲ့ ကျောက်မျက်တွေကို လုယူတာတွေရှိနေပြီး မေလတစ်လအတွင်း ဓားပြတိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒါကြောင့် လတ်တလောမှာတော့ ဖားကန့်မြို့မှာနေုထိုင်တဲ့ပြည်သူတွေဟာ လမ်းသွားလမ်းလာမှာ လုံခြုံရေး ပိုပြီးစိုးရိမ်ဖွယ်မြင့်တက်နေတယ်လို့လည်း ဖားကန့်မှာနေထိုင်သူတွေပြောပြချက်အရသိရပါတယ်။
ဖားကန့်ဒေသဟာ တစ်ဖက်မှာလည်း တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေကြောင့် ပြည်သူတွေဟာ နေ့စဉ်သွားလာနေထိုင်ရာမှာ စိုးရိမ်စိတ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာမှုတွေ ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။
ဖားကန့်မြို့နဲ့ အနီးဝန်းကျင်က တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။
လက်ရှိမှာတော့ ဖားကန့်မြို့ပေါ်နဲ့ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ၊ ဖမ်းဆီးစစ်မေးတာနဲ့ လုံခြုံရေးတင်းကြပ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသဟာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ အဓိကလုပ်ကိုင်တဲ့ဒေသဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ လှုပ်ရှားမှုတွေ ရှိနေပြီး စစ်ရေးမတည်ငြိမ်မှုတွေလည်းရှိနေပါတယ်။
ဒါကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ နေ့စဉ်စားဝတ်နေရေးအခြေအနေတွေအပေါ် ထိခိုက်မှုတွေ ဆက်လက်ရှိနေတာလည်းဖြစ်ပါတယ်။
By – Zami




