သတင်း

ကချင်စစ်ရှောင်ကူညီရေးအဖွဲ့ KHCC နှင့် အစိုးရတို့ ဆွေးနွေးမှု အချက် ၄ ချက်သဘောတူ

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ယနေ့ ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ရာ အချက် ၄ ချက် အောင်မြင်စွာ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။

“ နေရပ်ပြန်ပြီဖြစ်တဲ့ နမ့်ဆန်ယန်လိုနေရာမျိုးမှာ လိုအပ်တဲ့အချက်တွေကို သိရှိအောင် (KHCC) ကဆောင်ရွက်မယ်။ နောက်တစ်ခုက ဆက်လက်ပြီး စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းပြီးတော့ ပြန်လည်နေရာချထားဖို့အတွက် လက်တွေ့လုပ်ဆောင်သွားရမယ့် လုပ်ငန်းရှင် အဆင့်ဆင့် နိုင်ငံတော်ဘက်က ရေးဆွဲဖို့ရှိတယ်။ Plan Of Action ရေးဆွဲနိုင်ဖို့( KHCC) ဘက်က လိုအပ်တဲ့ အချက်လက်များကို ပေါင်းဆက်ပြီးတော့ ပံ့ပိုးပေးဖို့တွက် ဆုံးဖြတ်တာ တစ်ခုရှိတယ်။ မိမိနေရပ်ပြန်ရောက်နေပြီဖြစ်တဲ့သူတွေရော မပြန်သေးတဲ့သူတွေ ခုလက်ရှိပြန်နေတဲ့လူတွေရဲ့ ကျန်းမာရေး ပညာရေးစတဲ့လိုအပ်ချက်တွေကို (KHCC)လိုအပ်တဲ့ ပံ့ပိုးမူတွေကို ဆောင်ရွက်စရာတွေရှိလို့ရှိရင် ကချင်ပြည်နယ် အစိုးရမှာ ဖြည့်စွက်ပြီးတော့ ဖြေရှင်းပေးဖို့ရှိတယ်။ နောက်ဆုံးအနေနဲ့ ဇွန်လနောက်ဆုံးပတ်မှာ ထပ်တွေ့ဖို့ရှိတယ်။” ဟု ၎င်းကဆိုသည်။

ရှေ့ဆက် စစ်ရှောင်နေရာပြန်လည်ချထားရေးအစီစဉ်များအတွက် ကချင်ပြည်နယ်အစိုးရဘက် တာဝန်ရှိသူ ပုဂ္ဂိုလ်နှင့် KHCC ဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်တို့ကိုလည်း အသီးသီး သတ်မှတ်ထားသည်ဟု ပြောပါသည်။

အစိုးရအနေဖြင့် စစ်ရှောင်စခန်းများကို ရုတ်သိမ်းပြီး ပြန်လည်နေရာချထားနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေကြောင်း သိရပါသည်။

ယနေ့ ဆွေးနွေးပွဲသည် ပြည်ထောင်စု အစိုးရ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ အကူအညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ပထမအကြိမ် အဓိက တွေ့ဆုံ ဆွေးနွေးခဲ့သည်။

လွန်ခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ အစိုးရအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် KHCC တို့ နေပြည်တော်တွင့် တွေ့ဆုံပြီးနောက် ယခုအခါ ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်း ဖြစ်ပါသည်။

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် လက်နက်ကိုင်ဖြစ်သော အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အပစ်ရပ်ရန်လိုအပ်ပြီး၊ စစ်ရှောင်များကိုလည်း နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း နေရပ်ပြန်စေလိုကြောင်း KHCC ဥက္ကဌ သိက္ခာတော်ရဆရာဆမ်ဆွန်က ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့ပါသည်။

Show More

Related Articles

Back to top button