အမြင်

မြစ်ကြီးနား ပမ္မတီးစစ်ရှောင်များ ‘စစ်ရှောင်အတု’ ဟု အမြင်လွှဲ ခံနေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးကျေးရွာအတွင်းရှိ စစ်ရှောင်စခန်းသည် စစ်ရှောင် ‘အတု’ မဟုတ်ကြောင်း ယင်းစစ်ရှောင်စခန်းအား ကူညီဆောင်ရွက်ပေးနေသည့် Assembly of God အသင်းတော်နယ်မြေ (၁၀)မှ ဥက္ကဌ သင်းအုပ်ဆရာတော် Rev. Dashi Tang Nau က ပြောသည်။

စစ်ရှောင်အဖြစ်နေထိုင်လာကြသည်မှာ ၁ နှစ် နီးပါးရှိလာပြီဖြစ်သော်လည်း ပမ္မတီးစစ်ရှောင်စခန်းသည် အစိုးရ၏တရားဝင်စစ်ရှောင်စခန်းအဖြစ် သတ်မှတ်ထားခြင်း မခံရသေးသည့်အပြင် ‘စစ်ရှောင်အတု’ ဖြစ်သည်ဟု ပြောဆိုနေကြသည့်အပေါ် သင်းအုပ်ဆရာတော် Rev. Tang Nau က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြသည်။

“ဒီစစ်ရှောင်စခန်းက နမ္မတီး၊ ကံလှ အသင်းတော်ကနေ အစိုးရရဲ့တရားဝင်နုတ်မိန့်နဲ့ပြောင်းလာတာ ဟုတ်တယ်။ ဒါကို စစ်ရှောင်အတုပါဆိုပြီး အဖွဲ့စည်းတိုင်းကို လိုက်ပြောနေတဲ့သူ တစ်ယောက်ရှိတယ်။ ကျနော်တို့အနေနဲ့ ဒီလိုမလုပ်ဖို့အတွက်လည်း သူ့ကို အကြိမ်ကြိမ်တားမြစ်ခဲ့ပါသေးတယ်။ ဒီစစ်ရှောင်တွေ Kasung ကနေ နမ္မတီးကို စပြောင်းလာတဲ့ချိန်မှာ ဒီစစ်ရှောင်တွေရဲ့ တာဝန်ခံအဖြစ်ခန့်ထားတာ ဟုတ်တယ်။ ဒါပေမယ့် သူ့ကြောင့်ဒီလောက်များတဲ့လူတွေ ဒုက္ခဆင်းရဲခံနေရတာ ကျနော်တို့လည်း မကြည့်နိုင်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ အသင်းတော်ကလူကြီးတွေ အစည်းအဝေးလုပ်ပြီး အမှုတော်ဆောင်ကနေလည်း ရပ်နားခွင့်ပြုလိုက်ပြီဖြစ်တယ်” ဟု သင်းအုပ်ဆရာတော်က ပြောသည်။

ယင်းစစ်ရှောင်စခန်းသည် မြစ်ကြီးနားမြို့ပေါ်ရှိ Pangmati (ပမ္မတီး)ရပ်ကွက်တွင် မိုးကာတဲများဖြင့်သာနေထိုင်နေကြရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများလည်း မရရှိကြသည့်အတွက် အခက်ခဲများစွာရင်ဆိုင်နေကြရသည်။

“ကျနော်တို့ သက်ဆိုင်ရာဌာနတွေမှာ စာအကြိမ်ကြိမ်တင်ပြီးပြီ ဘာမှထူးမလာဘူး။ ကျနော်တို့ လီဆူလူမျိုးတွေဖြစ်နေလို့များလား တစ်ခါတစ်လေအဲလိုတွေတောင် စဉ်းစားမိတယ်။ ဘာသေချာမူမရှိတဲ့ ပြောတဲ့စကားတွေကို ယုံကြလို့လား အရင်လူမူရေးဝန်ကြီးကအစ တင်ပြပြီးပြီ။ ခုလူမူရေးဝန်ကြီးကိုလည်း သွားတော့သွားပြောထားတယ်” ဆိုပြီး တာဝန်ခံဆရာတစ်ဦးက ခုလိုပြောသည်။

လက်ရှိ လူမူရေးဝန်ကြီးက ယင်းပမ္မတီးစစ်ရှောင်စခန်းမှ တာဝန်ရှိသူများသွားရောက်တွေ့ဆုံစဉ် ပမ္မတီးအုပ်ချုပ်ရေးမှူးမှတစ်ဆင့် မြို့နယ်၊ ခရိုင်အဆင့်ဆင့် စာတင်ရန်ပြောဆိုခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်များနေရပ်ပြန်နိုင်ရေးတွင် အစိုးရသာမက အရပ်ဘက်ဖွဲ့စည်းများနှင့် လူသားချင်းစာနာမှုကော်မတီ Kachin Humanitarian Concern Committee အဖွဲ့များရှိကြသော်လည်း ပမ္မတီးစစ်ရှောင်စခန်းတွင်မူ လူမူဝန်ထမ်းအဖွဲ့မှ ရေဘုံဘိုင်နှင့် အိမ်သာဆောက်ပေးသည့်အပြင် အခြားအဖွဲ့အစည်းများ ကူညီထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိသေးကြောင်း စစ်ရှောင်တာဝန်ခံ များထံမှ သိရသည်။

လက်ရှိ ကချင်ပြည်နယ်တွင် လူသားချင်းစာနာမူကော်မတီ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနေသည့် လူသားချင်းစာနာမူကော်မတီ KHCC အနေဖြင့်လည်း စစ်ရှောင်များအတွက် ကူညီထောက်ပံ့မူများကို သက်ဆိုင်ရာ အသင်းတော်အဖွဲ့အစည်းများမှ တင်ပြတောင်းခံလာလျှင် ကူညီရန်အတွက် အဆင်သင့်ဖြစ်ကြောင်း KHCC အဖွဲ့မှ အတွင်းရေးမှူး ဆရာ Hka Li က ပြောသည်။

“ဒီ KHCC ဆိုတာက ဘာသာရေးအဖွဲ့အစည်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထား တဲ့အဖွဲ့ဖြစ်တဲ့အတွက် လက်တွေ့ ကူညီထောက်ပံ့နေတဲ့အပိုင်းမှာတော့ ဥပမာ KBC ကချင်နှစ်ခြင်းအသင်းတော်ကဦးဆောင်တဲ့ CAMP ရှိသလို လော်ဝေါ်နှစ်ခြင်းအသင်းတော် (LBC)၊ အင်္ဂလီဂန်အသင်းတော်၊ ကက်သလစ်အသင်းတော်၊ အသင်းတော်အသီးသီးက တာဝန်ယူထားတာတွေရှိတဲ့ချိန်ကျတော့ ကျနော်တို့အနေနဲ့ တိုက်ရိုက်သွားရောက်ကူညီဖို့ကျတော့ အဆင်မပြေဘူး၊ အဲလိုတိုက်ရိုက်သွားကူညီရင် တစ်ချို့သူတွေက အသင်းသားတွေကို ဆွဲဆောင်တယ်ဆိုတဲ့အပိုင်းတွေ ပြောကြတာတွေရှိတဲ့အတွက် ကျနော်တို့အနေနဲ့ စစ်ရှောင်စခန်းကို တာဝန်ယူထားတဲ့ အသင်းတော်ခေါင်းဆောင်များအနေနဲ့ အကူညီတောာင်းခံလာလို့ရှိရင်တော့ ကူညီဖို့ အဆင်သင့်ဖြစ်တယ်” ဆိုပြီး ဆရာ Hka Li က ဆိုသည်။

ကချင်ပြည်နယ်တွင် အစိုးရထိန်းချုပ်နယ်မြေတွင် စစ်ရှောင်စခန်းပေါင်း ၁၃၈ ခုရှိပြီး အစိုးရထိန်းချုပ်မှုဧရိယာပြင်ပတွင်မူ (၁၈)ခုရှိကာ မြစ်ကြီးနားမြို့တွင်းတွင် (၂၅)ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA Myanmar ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button