အင်တာဗျူးအမြင်

ဒရုန်းစစ်ဆင်ရေးကြောင့် ကသာ နဲ့ ရွှေကူဒေသ စစ်ကောင်စီတပ်ကို အသာစီးရယူ (မေးမြန်းချက်)

ကချင်စစ်ကိုင်း အစပ်ဒေသ၊ ကသာအထက်ပိုင်း နဲ့ ရွှေကူမြို့နယ် တစ်လျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ၂ နှစ်ကျော်ရှိလာနေပြီ ဖြစ်ပါတယ်။ အခုနှစ်တွေမှာတော့ မြို့လှနဲ့ ရွှေကူမြို့တစ်လျှောက် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ပိုပြီးအထိနာနေတယ်လို့ မြို့လှ K-PDF တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကသာမြို့လှရွှေကူ ဒေသတစ်လျှောက်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေနေတွေ ဘယ်လိုရှိနေလဲ၊ KPDF ဘက်ကလည်း ဘယ်လောက်ထိ အသာစီးရနေလဲ စတဲ့အကြောင်းအရာတွေကို မြို့လှ K-PDF တာဝန်ရှိသူကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။

မေး။ ။ပြီးခဲ့တဲ့တစ်လတာအတွင်း စစ်ရေးအခြေအနေကို အရင်ဆုံးပြောပေးပါ။

ဖြေ။ ။တစ်လတာအတွင်းပြောမယ်ဆိုရင် လွန်ခဲ့တဲ့လမှာ ကျောက်ကြီးစခန်းကို ဝင်တိုက်တယ်။ စကစဘက်က ထိခိုက်သေဆုံးတာများတယ်။ လက်နက်တွေဆိုလည်း တော်တော်လည်း သိမ်းယူနိုင်ခဲ့တယ် ပွဲကြီးကြီးကို နွှဲထားတာဖြစ်ပါတယ်။ ပြီးတော့ ချောင်းဝမှာ စစ်ကြောင်းအထိုင်ချစခန်းမှာ တိုက်ခိုက်တယ်။ ပြီးတော့ ရွှေကူရဲစခန်းကို ၃ ကြိမ်တိုက်ခိုက်တယ် အဲမှာလည်း ရွှေကူမြို့နယ်မှုးအဆင့်ထိ ကျတာတွေရှိတယ်။ ပြီးတော့ ခုနောက်ဆုံး ရွှေကူထွေအုပ်ရုံးကို တိုက်ခိုက်တယ် အဲဒီမှာရော စကစ ဝန်ထမ်းတွေထိခိုက်တာတွေရှိခဲ့တယ်။ ထိခိုက်တာတွေရှိတယ် ဝင်လာတဲ့စစ်ကြောင်းတွေကို တိုက်ခိုက်တာတွေရှိတယ်။

မေး။ ။ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတဲ့အခြေနေ ဘယ်လောက်ထိရှိလဲ။

ဖြေ။ ။ ကျဆုံးတဲ့စာရင်း အသေးစိတ်ကိုတော့ ပြောရခက်တယ်ဗျ။ ဒါပေမယ့် အကြမ်းဖျင်းပြောမယ်ဆိုရင် ကျောက်ကြီးစခန်းမှာတော့ စစ်တပ်ဘက် ၁၀ ယောက်လောက်ထိခိုက် သေဆုံးတာရှိတယ်။ လက်နက်ချအညံ့ခံလာတာ တစ်ယောက်ရှိတယ်။ ပြီးတော့ ရဲစခန်းမှာက နယ်ထိန်း ၂ ယောက်သေတယ် မြို့နယ်မှူးအဆင့်ရှိသူတစ်ယောက်ဒဏ်ရာ ပြင်းထန်တယ်။ ထွေအုပ်ရုံးကတော့ ပြည်ထဲရေးဝန်ထမ်း ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

မေး။ ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာတာ မြို့လှ K-PDF ဘက်က ဘယ်လိုစစ်ရေးမစ်ရှင်တွေကြောင့်လဲ။

ဖြေ။ ။စစ်ရေးမစ်ရှင်ကျတော့ ဒရုန်းတိုက်ခိုက်ရေးဘဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကစဘက်က လှုပ်ရှားတပ်တွေမရှိဘူး အထိုင်တပ်ရင်းတွေဘဲရှိတော့ ဒရုန်းတိုက်ခိုက်ရေးနဲ့ဘဲ အဓိကတိုက်ခိုက်တာ အောင်မြင်မှုက တော်တော်လေးထိထိရောက်ရောက် လုပ်နိုင်တယ်။ ပြီးတော့ စကစတွေ စစ်ကြောင်းသွားတဲ့နေရာ နားနေတဲ့နေရာတွေဆို ကောင်းကောင်းထိထိရောက်ရောက် တိုက်ခိုက်နိုင်တယ်။ အထိုင်ချတဲ့နေရာတွေမှာ သူတို့မနေနိုင်အောင် ခြိမ်းခြောက်တိုက်ခိုက်နိုင်တယ်။ ခုဆိုရင် ရန်သူဘက်က အထိုင်စခန်းတွေမှာတောင် မအိပ်ရဲတဲ့ထိဖြစ်လာတာတွေတောင် ရှိနေပြီလို့ ကျနော်တို့ကြားနေရတယ်။

မေး။ ။အဲဆိုရင် မနှစ်နဲ့ ဒီနှစ် စစ်ရေးအခြေနေနဲ့ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုလေး သိပါရစေ။

ဖြေ။ ။ကျနော်တို့ အဓိက ကြည့်တဲ့နေရာတွေက ကသာအထက် မြို့လှနဲ့ရွှေကူတစ်လျှောက်ဟုတ်တယ် ပြောရမယ်ဆိုရင် မြို့လှမှာ တပ်မ ၈၈ လက်အောက်ခံ ဗျူဟာတစ်ခု ထိုင်တယ်။ မနှစ်ကအခြေနေနဲ့ ဒီနှစ်အခြေနေကို ပြောရမယ်ဆိုရင် ကွားခြားချက်က အများကြီးရှိတယ်။ မနှစ်ကဆို လှုပ်ရှားတပ်တွေ တော်တော်များများ ထွက်နိုင်တယ်။ ပြီးတော့ နယ်မြေရှင်းလင်းရေးလည်း တော်တော်လေးလုပ်နိုင်တာ ဟုတ်တယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ခုထိ နယ်မြေရှင်းလင်းရေး လုပ်နိုင်တာ တစ်ကြောင်းမှ မရှိတော့ဘူး။

လက်ရှိ စစ်ရေးအရ အထိုင်တပ်တွေဘဲရှိတယ် လှုပ်ရှားတပ်ရင်းမတွေ့ရတော့ဘူး။ တပ်မ ၈၈ လက်အောက်ခံတပ်တွေရဲ့ ကျဆုံးမှုကတော့ တစ်နှစ်ကျော်အတိုင်းအတာထဲမှာ သုံးသပ်ချက်အရဆို တပ်ရင်းတစ်ရင်းမှာ တစ်နှစ်ကျော်မှာထက်ဝက်လောက် လူအင်အားကျဆုံးတာတွေ့ရတယ်။ လှုပ်ရှားတာကြည့်ခြင်းအားဖြင့် အရင်ကဆို ၁၀၀ လောက်ရှိတယ် ခုက တစ်ဝက်လောက်ဘဲ ရှိတော့တယ်။

မေး။ ။လောလောဆယ် မြို့လှနဲ့ရွှေကူမှာ စကစ အထိုင်တပ်ရင်း ဘယ်နှစ်ခုရှိလဲ။ ပြီးတော့ စစ်ရေးအရ မြို့လှ K-PDF တပ်က အသာစီးရယူထားနိုင်ပြီလို့ ပြောလို့ရလား။

ဖြေ။ ။တပ်ထိုင်ထားတဲ့နေရာကတော့ မြို့လှမှာတစ်ခု ကျောက်ကြီးစခန်း၊ရွှေငြိမ်းချမ်း ရွှေကူနယ်ထဲမှာ အထိုင်စခန်းတစ်ခု စုစုပေါင်း အထိုင်စခန်း ၄ နေရာလောက်ဘဲရှိတော့တယ်။ အတွင်းထဲမှာ တိတိကျကျတော့ မသိနိုင်ပေမယ့် ထိုင်စခန်းတွေမှာ ထက်ဝက်လောက်ဘဲရှိတော့တယ်ဆိုတာ ကျနော်တို့ သိတယ်။ ပြီးခဲ့လက တိုက်ခိုက်ခဲ့တဲ့ကျောက်ကြီးစခန်းဆိုရင် ခုဆိုရင်လူက အရမ်းနည်းသွားပြီ ရွှေကူဘက်က လာလာပြီး ကူပေးရတာဘဲရှိတော့တယ်။

လက်ရှိမှာဆိုရင် ကျနော်တို့ဘက်က နေရာတော်တော်များများမှာ အသာစီးထားပြီလို့ ပြောလို့ရပါတယ်။ မနှစ်ကထက်စာရင် တော်တော်လေးကောင်းလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်တုန်းက မဝင်ရောက်နိုင်တဲ့နေရာတွေမှာ ကျနော်တို့ ဒီနှစ်ဝင်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ရန်သူကိုလည်း လျော့မတွက်ထားဘူး ကျနော်တို့ဘက်က အမြဲတမ်းအဆင်သင့် ပြင်ထားတယ်။

မေး။ ။ ခုနောက်ပိုင်း မြို့လှ K-PDF ထဲ စစ်တပ်ဘက်က CDM ဝင်လာတဲ့သူတွေလည်း ရှိတယ်ဆိုပြီး ထုတ်ပြန်ထားတယ် တွေ့တယ် ဒီ ၂နှစ်ကျော်တွင်းမှာ CDM ဝင်လာတဲ့ လူဦးရေနဲ့ဘယ်လိုတွေ ဆောင်ရွက်ပေးနေလဲဆိုတာ သိပါရစေ။

ဖြေ။ ။ မြို့လှတပ်ကို ၂၀၂၁ ခုနှစ် ၅လပိုင်းမှာ စဖွဲ့ခဲ့တာပေါ့နော်။ မြို့လှ K-PDF အဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ကျနော်တို့ဆီကို ဝင်လာတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် CDM ကိစ္စက ကျနော်တို့အနေနဲ့ စစ်တိုင်းရုံးကိုတစ်ခါတည်းလွှဲတာဖြစ်တဲ့အတွက် စာရင်းတိတိကျကျ ပြောဖို့ ခက်တယ်။ ဒါပေမယ့် အနည်းဆုံးတော့ အယောက် ၂၀ လောက်ရှိနိုင်တယ်။

မေး။ ။ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ ။ထွေထွေထူးထူးတော့ မရှိတော့ပါဘူး။ ကျနော်တို့မြို့လှ K-PDF က ပြည်သူတွေနဲ့တစ်သားတည်းရှိပါတယ်လို့ဘဲ ပြောချင်ပါတယ်။

Show More

Related Articles

Back to top button