သတင်း

နေရပ်ပြန်စစ်ရှောင်များကို ကူညီရန် အစိုးရနှင့် KHCC ဆွေးနွေး

နေရပ်ပြန် ကချင် စစ်ရှောင်များကို ကူညီပေးရန်နှင့် မပြန်သေးသော သူများ၏ သဘောထားကိုလည်း ကွင်းဆင်းရယူရန် အစိုးရပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ နှင့် ကချင်လူသားချင်းစာနာထောက်ထားမှုကော်မတီ KHCC တို့ ဇူလိုင် ၂၄ ရက်နေ့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

ကချင်ခရစ်ယာန်အသင်းတော်ခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသော KHCC အဖွဲ့နှင့် အစိုးရပြန်လည် နေရာချထားရေး လုပ်ငန်းကော်မတီတို့၏ နှစ်လတစ်ကြိမ် တွေ့ဆုံမှု အစည်းအဝေးတွင် နေရပ်ပြန်စစ်ရှောင်များကို ကူညီပေးရန်နှင့် မပြန်သေးသောသူများ၏ သဘောထားကိုလည်း နားထောင်ပြီး ၄င်းတို့ကို သတင်းအချက်အလက်ပေးရန် ဆွေးနွေးခဲ့သည်ဟု KHCC ဒုအတွင်းရေးမှူး ၁ ဖာသာရ်နော်လတ် ထံမှ သိရပါသည်။

“KHCC အနေနဲ့ JST ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်ထားတဲ့ rapid need accessement report ကိုတင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှာဖွေတွေ့ရှိမှု အကြံပြုမှုတွေကို ပြောပြပြီး ပထမသဘောတူညီမှုကတော့ လုပ်ငန်းကော်မတီ အနေနဲ့ NRPC နဲ့ အစိုးရနဲ့ ညှိနှိုင်းပြီး လိုအပ်နေတဲ့အချက်တွေကို ပံ့ပိုးသွားဖို့ ဖြစ်ပါတယ်။ ပထမဦးကတော့ တစ်လစာကို တစ်လလ ပံ့ပိုးသွားဖို့ အပိုင်းကို သဘောတူညီမှု ရခဲ့ပါတယ်။” ဟု ပြောဆိုခဲ့ပါသည်။

သြဂုတ်လမှ စတင်ပြီးကူညီနိုင်ရန် မျှော်မှန်းထားပြီး နေရပ်ပြန် စစ်ရှောင်များအတွက် အစားအသောက်၊ မိုးရာသီကာလ အသုံးအဆောင်များ၊ ကလေးများ၏ စာသင်ကြားရေး အထောက်အပံ့တို့ဖြစ်မည်ဟု သိရပါသည်။

ထိုအစည်းအဝေးတွင် ဒုတိသဘောတူညီချက်အနေဖြင့် နေရပ်မပြန်နိုင်သေးသောသူများကို ပြန်နိုင်အောင် စီစဉ်သွားမည့်ခေါင်းစဉ်အောက်တွင် လုံခြုံသော ကျေးရွာများရှိ စစ်ရှောင် ပြည်သူများကို စခန်းသို့ သွားရောက်တွေ့ဆုံကာ ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း သဘောတူခဲ့သည်ဟု သိရပါသည်။

ထို့ကြောင့် ကချင် ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တို့ ပူးပေါင်းသတ်မှတ်ထားသော စစ်ဆင်ရေးနယ်မြေ မဟုတ်သော ကျေးရွာ ၂၄ ရွာရှိ စစ်ရှောင်ပြည်သူများနေထိုင်သော စခန်းများသို့ အစိုးရလုပ်ငန်းကော်မတီနှင့် KHCC တို့ပူတွဲပြီး သြဂုတ်လ ပထမအပတ်မှ စတင်ကာ စစ်ရှောင်များ၏သဘောထားကို သွားရောက်နားထောင်မည်ဖြစ်ကြောင်း ဖာသာရ်နော်လတ် ဆိုပါသည်။

အစိုးရ၏ ‘ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေး မဟာဗျူဟာ’ ရေးဆွဲရာတွင် ကချင်ပြည်နယ်နှင့် ကိုက်ညီစွာဖြစ်လာရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဒေသခံအဖွဲ့စည်းတို့၏ သဘောထားမှတ်ချက်ကို စုစည်းကာ သြဂုတ်လအတွင်း အစိုးရပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီထံသို့ ပေးပို့သွားရန် ရှိသည်ဟု ထပ်မံ သိရပါသည်။

စစ်ရှောင်များ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ရန်မှာ အစိုးရတပ်နှင့် KIO နှစ်ဖက်စလုံးတွင် တာဝန်ရှိသောကြောင်း ၄င်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုလည်း အထူးလိုအပ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

ကချင်တိုက်ပွဲ ၈ နှစ်ပြည့်လာချိန် စစ်ပြေးဒုက္ခသည်များ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အစိုးရအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC နှင့် KHCC တို့ ယခုနှစ်ဆန်းတွင် တွေ့ဆုံခဲ့ပါသည်။

ထို့နောက် လွန်ခဲ့သည့် မေလ ၂၄ ရက်နေ့ အစိုးရပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီနှင့် KHCC တို့ ပထမအကြိမ် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီးနောက် ယခုလ ဇူလိုင် ၂၄ ရက်နေ့ နေပြည်တော်တွင် ထပ်မံ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

တိုက်ပွဲ ၈ နှစ်ပြည့်ပြီးနောက် ကျေးရွာတချို့မှ ဒေသခံများသည် နေရပ်ပြန်ပြီ ဖြစ်သော်လည်း ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိသဖြင့် ခက်ခဲစွာ နေရကြောင်း ပြောဆိုနေကြပါသည်။

Show More

Related Articles

Back to top button