ဗက်လင်စစ်ရှောင်စခန်းအသစ်တွင် ကလေးများ ကျောင်းသွားကျောင်းပြန် ခက်ခဲနေ

မြစ်ကြီးနားမြို့ ၊ လယ်ကုန်းရပ်ကွက် ဗက်လင်နှစ်ခြင်းဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းကို နေရာအသစ်သို့ ပြောင်းရွေ့လိုက်ပြီးနောက် ၎င်းစခန်းမှ ကျောင်းသူ/သားများ၏ ကျောင်းသွားကျောင်းပြန် အခက်အခဲရှိနေကြောင်း ပြောဆိုပါသည်။
ယင်းစခန်းတွင် ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး ရပ်ကွက်အတွင်း စာသင်ကျောင်းများတွင် တက်ရောက်နေသူများအဖို့ အဆင်ပြေသော်လည်း မြို့တွင်းအထိ တက်ရောက်နေသောသူများအတွက် စာသင်ကျောင်းနှင့် ပိုမို ဝေးကွာသွားစေသည်ဟု စစ်ရှောင်များပြောပါသည်။
“ကျောင်းသားတွေ သွားလာရေးပိုင်းမှာက အခက်အခဲတော်တော်ကြုံတွေ့နေရတယ်။ ဘယ်လို ခက်ခဲလဲဆိုတော့ မူလစခန်းက ကျောင်းသားတွေ ကျောင်းနဲ့ နီးတယ်ဆိုတော့ အဆင်ပြေတယ်။ ဒီမှာက တစ်ချို့မိသားစုတွေမှာ ဆိုင်ကယ်ရှိတဲ့သူတွေအတွက်က အဆင်ပြေတယ်။ ဆိုင်ကယ်မရှိတဲ့ သူတွေက ကျောင်းသွားလာရေးမှာ အဆင်ပြေဘူး။” ဟု ဗက်လင်စစ်ရှောင်စခန်းတာဝန်ခံ Slg.Tangbau Naw Ja (ဦးတန်ဘောင်နော်ဂျာ) ပြောပါသည်။
ယခု စခန်းအသစ်သည် မူလစခန်းထက် နေရာအခန်း ပိုကျယ်လာသော်လည်း စာသင်ကျောင်းများနှင့် ပိုမိုဝေးကွာသွားသဖြင့် ကလေးများတွင် စိတ်ပူပန်နေရသည်ဟု ပြောဆိုကြပါသည်။
လယ်ကုန်း နယ်မြေ ၂ ၊ ဗက်လင်းနှစ်ခြင်းဘုရားကျောင်းအတွင်း ၈ နှစ်ကျော် တိမ်းရှောင်နေထိုင်ခဲ့ပြီးနောက် ထိုနေရာတွင် ကျဉ်းကျပ်လာသောကြောင့် လွန်ခဲ့သည့်အပတ်မှစ၍ မူလ စခန်းနှင့် ၄မိုင်ခန့်ကွာဝေးသည့် စစ်ရှောင်ကူညီရေးအဖွဲ့များ ဆောက်လုပ်ထားသည့် လယ်ကုန်း နယ်မြေ ၁၁ သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်ပါသည်။
ကျောင်းအကြိုအပို့ တစ်နေ့ ၅ ကြိမ်ခန့် ပုံမှန်လုပ်နေရသဖြင့် သွားလာရေးစရိတ်တွင် နဂိုလမူလ စခန်းထက် ၂ဆခန့် ကုန်ကျခံနေရကြောင်း အခက်အခဲများကို အဆိုပါစခန်းမှ Jan Roi Ji (ဒေါ်ရွယ်ဂျီ) ယခုလို ပြောဆိုထားသည်။
“ဒီစခန်းအသစ်ကို ရွှေ့ပြောင်းလိုက်တဲ့နောက်ပိုင်း သားသမီးတွေကို ကျောင်းအကြိုအပို့မှာ တာဝန်ကြီး တစ်ခုလိုဖြစ်သွားတယ်။ မြို့ပေါ်ကျောင်းတွေနဲ့က တော်တော်ဝေးသွားတယ်။ မနက် ၈နာရီမှာ ၂ယောက်ကို သွားပို့ရတယ်။ နေ့လည်မှာ တစ်ယောက်ပြန်ပြီး သွားပို့ပေးရတယ်။ ညနေပိုင်းက အားလုံးကို ပြန်ပြီး လိုက်ကြိုရတယ်။ ကလေးတွေကို အကြိုအပို့နဲ့ဘဲ တစ်နေ့အချိန်ကုန်သွားတယ်။ အိမ်မှာက ဆိုင်ကယ်လည်း မလုံလောက်တဲ့အတွက်လည်းဖြစ်တယ်။” ဟု ပြောပါသည်။
ထို့ကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့များအနေဖြင့် ၄င်းတို့အတွက် ဓါတ်ဆီဖိုးစရိတ်ကိုပင် ထည့်သွင်းစဉ်းစားစေလိုကြောင်း ဒေါ်ရွယ်ဂျီ ထပ်မံပြောဆိုပါသည်။
ဗက်လင်စစ်ရှောင်စခန်းတွင်ခိုလှုံနေသော ပြည်သူအများစုသည် ဝိုင်းမော်မြို့နယ် ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ် ကျေးရွာ ၁၆ ခု မှ ထွက်ပြေးလာသူများဖြစ်ကြပြီး လူဦးရေ ၇၀၀ ကျော်ရှိပါသည်။
လက်ရှိတွင် စစ်ရှောင်စခန်းအဟောင်းမှ စခန်းအသစ်သို့ပြောင်းရွှေ့နေဆဲ ဖြစ်ကြပြီး စခန်းသစ်ဖွင့်လှစ်သည့် အဖွင့်ဆုတောင်းပွဲကို လာမည့် စက်တင်ဘာ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု သိရပါသည်။
အစိုးရ ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ စစ်ရှောင်များအတူတကွ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်အခြေချနိုင်ရေး နှစ်ဖက်အစိုးရနှင့် ဆွေးနွေးနေကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က စက်တင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ထားပါသည်။