သတင်း

နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား

ကချင်စစ်ရှောင်များကို ပထမဆုံးနေရပ်ပြန်ပို့ခဲ့သည့် နမ်ဆန်ယန်ကျေးရွာ၏အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် တပ်မတော်မှ KIA စခန်းတစ်ခုကို လာရောက်သိမ်းပိုက်သည့် တိုက်ပွဲကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေးရန် ပြင်ဆင်နေသည်ဟု သိရပါသည်။

နေရပ်ပြန်ရေး အစအဆုံးကူညီပေးခဲ့သူ ဦးဖော်လားဂမ်ဖန်က ယခုတိုက်ပွဲသည် အစိုးရ၏ ပြန်လည်နေရာချထားရေးအစီစဉ်ကို ပျက်စီးစေနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ကို လိပ်မှုပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြန်ထောင်စု လူကယ်ပြန် ဒုဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခနှင့် နယ်လုံဝန်ကြီးတို့ကိုမိတ္တူဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ တိုင်ကြားခဲ့ကြောင်း ပြောသည်။

‘‘အခုလိုမျိုးနောက်တစ်ခါထပ်ဖြစ်ရင် နမ်ဆန်ယန်ကျေးရွာလည်း စစ်ပြေးပြန်ဖြစ်ရမှာကိုစိုးရိမ်တဲ့အတွက် အဖြစ်အပျက်ကို ကျနော်က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ထံ စာအမြန်ရေးပြီး ကိုယ်တိုင်နေပြည်တော်ကို သွားပေးခဲ့တယ်။’’ ဟု နမ်ဆန်ယန်နေရပ်ပြန်ရေးကို ကူညီပေးနေသူ ကချင်တေးရေး၊ တေးဆို နာမည်ကျော်အဆိုတော် ဦးဖော်လားဂမ်ဖန်က ပြောပါသည်။

သူ၏ တိုင်တန်းမှုအပေါ် ‘နမ်ဆန်ယန်ကျေးရွာနဲ့ ပတ်သက်ပြီး နောက်ထပ် စိုးရိမ်ခြင်းမရှိရလေအောင် ကြိုးပမ်းသွားမည့်အကြောင်း’ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တာဝန်ခံတစ်ဦးမှ ဦးဖော်လားဂမ်ဖန်ကို ဒီဇင်ဘာ ၅ ရက်နေ့ မနက် ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု သူက ပြောဆိုပါသည်။

နမ်ဆန်ယန်ကျေးရွာ နေရပ်ပြန်နိုင်ရေးကို ၂၀၁၈ နိုင်ဝင်ဘာလတွင်စတင်ခဲ့ပြီး တစ်လအကြာတွင် စစ်ရှောင် အိမ်ထောင်စု ၁၇ စုကို နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။

ယခုချိန် အိမ်ထောင်စု ၉၈ စု နှင့် လူဦးရေ ၅၀၀ ကျော် ပြန်လည်အခြေချနေထိုင်နေပြီး၊ လွန်ခဲ့သည့်အပတ် တိုက်ပွဲက ၎င်းတို့ကို ပြန်လည်ထွက်ပြေးရန် ကြောက်လန့်စေခဲ့ကြောင်း ထပ်မံပြောဆိုပါသည်။

‘‘အခုနောက်ထပ်လည်း စစ်ရှောင်တွေကို နေရပ်ပြန်ပို့ဖို့ အစိုးရနဲ့ KIA Bilateral တွေပြင်နေပြီ။ ဒီတိုက်ပွဲတွေကို နေရပ်ပြန်ရေးကို ထိခိုက်စေနိုင်တယ်။ ကျနော်တို့က တိုက်ပွဲကြောက်လို့ ထွက်ပြေးဖူးတဲ့သူတွေ ဖြစ်တဲ့အတွက် အခုလည်း ဒီမှာထပ်ဖြစ်ရင် နောက်တစ်ခါ ပြန်လာဖို့ဆိုတာ အရမ်းခက်သွားပြီ။ နမ်ဆန်ယန်ကျေးရွာကို ပြန်လည်ထူထောင်တဲ့အခါ တစ်ကမာ္ဘလုံးသိအောင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးပြီ။ ဆိုတော့ အခုမှ တိုက်ပွဲပြန်ဖြစ်ပြီး ထွက်ပြေးရရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဂုဏ်သိက္ခာကတော့ အရှက်ဖွယ်ဖြစ်သွားပြီ။’’ ဟု ဦးဖော်လားဂမ်ဖန်ပြောပါသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန် ဒေသခံများထွက်ပြေးရန် ပြင်ဆင်နေချိန်/ ဓါတ်ပုံ-ဦးဖော်လားဂမ်ဖန်

နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လုံခြုံရေးတပ်ရင်းဖြစ်သော ပေါင်စေးစခန်းကို တပ်မတော်က ဝင်ရောက်သိမ်းပိုက်ခဲ့သလို၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင်တဖန် မံစီမြို့နယ် KIA တပ်ရင်းနေရာတချို့ကို ထပ်မံ သိမ်းဆည်းလိုက်သည်ဟု သိရပါသည်။

ထို့ကြောင့် စစ်ရှောင်များကို လုံခြုံစွာနေရပ်ပြန်အခြေချနိုင်ရေး တပ်မတော် နဲ့ KIA တို့ Bilateral လက်မှတ်အမြန်ထိုးရန် လိုအပ်ကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC ခေါင်းဆောင် နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ ဒေါက်တာခလမ် ဆမ်ဆွန်ပြောပါသည်။

‘‘လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ဆို Bilateral လက်မှတ်ထိုးရလိမ့်မယ်။ ဘယ်လိုပုံစံလက်မှတ်ထိုးမယ်ဆိုတာကတော့ သူတို့ လက်နက်ကိုင်တွေရဲ့ အပိုင်းဖြစ်သွားပြီ။ ကျနော်တို့ဘက်ကတော့ နိုင်ငံတကာစံချိန်စံညွန်းနဲ့အညီ လုံခြုံပြီး အကူညီအပြည့်နဲ့ ပြန်နိုင်ဖို့ လုပ်နေတယ်လို့ ပြောလိုပါတယ်။’’ ဟုပြောပါသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ကချင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်လူထုသည် မိမိတို့ကျေးရွာများကို စွန့်ပစ်ပြီး စစ်ရှောင်စခန်းတွင် ခိုလှုံနေရသည်မှာ ၈ နှစ်ကျော်လာပြီ ဖြစ်ပါသည်။

Show More

Related Articles

Back to top button