စစ်ရှောင်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေပြော

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာဘက်ကို စစ်ဘေးရှောင်လာတဲ့ အမတ်ပေါ်ကျေးရွာဒေသခံတွေ စစ်မှုထမ်းဖို့အတင်းအဓမ္မ ဖိအားပေးခံနေရတယ်လို့ ရှိန်းခေါင်ဒေသခံတွေက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်း မြန်မာတရုတ်နယ်စပ် နယ်စပ်မှတ်တိုင်အမှတ် (၃၀အနီးမှာ ပြင်းထန်နေတဲ့ တိုက်ပွဲနေကြောင့် အမတ်ပေါ်ကျေးရွာ ဒေသခံတွေဟာ ဇူလိုင်လ ၁၁ ရက်နောက်ပိုင်းကစပြီး ရှိန်းခေါင်ကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ဘေးရှောင်ရောက်ရှိလာပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်ဘေးရှောင်အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခု ရှိန်းခေါင်ရောက်နေတဲ့ အမတ်ပေါ်ရွာက စစ်ရှောင်တွေကို လက်နက်ကိုင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတယ်။ အဲဒါကြောင့် ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်နေကြတယ်လို့ အသက် ၄၀ ကျော်အရွယ် ရှိန်းခေါင်ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဒေသခံရဲ့ ပြောကြားချက်အရ ရှိန်းခေါင်အခြေစိုက် စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးပြည်သူ့စစ်တွေဟာ ဇူလိုင်လ ၁၀ ရက်နောက်ပိုင်းကစပြီး အမတ်ပေါ်စစ်ဘေးရှောင် အမျိုးသားတွေထဲက အသက် ၁၅ နှစ်ကနေ ၅၀ ဝန်းကျင်အထိ ကျန်းမာရေးကောင်းမွန်သူတွေကို စစ်မှုထမ်းဖို့ ပဖိအားပေးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရောက်လာကြတာ။ ကျန်းမာရေးမကောင်းတဲ့သူတွေကလွဲပြီး လူကြီး၊ လူငယ် သွားလာနိုင်တဲ့သူအားလုံးကို ဖိအားပေးနေတာ ဟုတ်တယ်လို့ အထက်ဖော်ပြပါ ဒေသခံကဆက်ပြောပါတယ်။

အခုလို လက်နက်ကိုင်ဖို့ ဖိအားပေးခံနေရတာကြောင့် အမတ်ပေါ်စစ်ဘေးရှောင် အမျိုးသားအများစုဟာ မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်ဖို့တောင် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ခေါင်လန်ဖူးလန်ဆယ်လမ်းပိုင်းရှိ အမတ်ဂျုံနဲ့ အမတ်ပေါ်ကျေးရွာအနီးမှာ ဇူလိုင်လ ၁၀ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ဒေသခံတချို့ကတော့ နယ်စပ်မှတ်တိုင်အမှတ် (၃၀ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက် စစ်ကူအင်အားဖြည့်တင်းနိုင်ရေး ရည်ရွယ်ပြီး စစ်ဘေးရှောင်အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

တစ်ဖက်မှာလည်း ပူတာအိုမြို့ဘက်ကနေ ခေါင်လန်ဖူးရှေ့တန်းကို စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဆက်လက်ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

သူတို့အင်အားက လုံးဝနည်းနေတာ။ ပူတာအိုကနေတော့ ကုန်းကြောင်းနဲ့ ဖြည့်နေတယ်။ ဒါပေမယ့် လမ်းခရီးမကောင်းတော့ ခေါင်လန်ဖူးရောက်ဖို့ မလွယ်ဘူး။ ဒီလ ၂၀ ရက်နေ့မှာ ကားခြောက်စီးတက်လာပြီး ၂၁ ရက်နေ့မှာလည်း ကားနှစ်စီး ထပ်တက်လာတယ်။ စစ်သား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ပြီး တက်လာတာလို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်ဟာ ပူတာအိုခရိုင်အတွင်း မြန်မာတရုတ်နယ်စပ်ဒေသတွေကို ဆက်သွယ်ပေးထားတဲ့ မဟာဗျူဟာအရ အရေးပါတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစပြီး အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး KIA ပူးပေါင်းတပ်တွေက လာဟီဆင်စခန်းကုန်းနဲ့ လန်ဆယ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီဘက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ဆောင်ရွက်လာခဲ့ပြီး လက်ရှိအချိန်အထိ ခေါင်လန်ဖူးဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မြစ်ကြီးနားမှာ ခိုးယူလာတဲ့ ပစ္စည်းတွေကို ပြန်လည်မွမ်းမံရောင်းချနေတဲ့အဖွဲ့တွေရှိနေတယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာရတဲ့ ဒေသခံစစ်ရှောင်တွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button