သတင်း

လုံခြုံမှုမရှိသေးသည့် စစ်ရှောင် ကဇူးကျေးရွာတွင် ပထမအကြိမ် ဆုတောင်းပွဲ ပြန်လည်ပြုလုပ်

လုံခြုံမှုမရှိသေးသော မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ၈ နှစ်ကျော် စွန့်ခွာထားသည့် ကဇူးကျေးရွာဘုရားကျောင်းဝင်းတွင် ဒေသခံများက ပထမအကြိမ် သွားရောက်ရှင်းလင်းပြီး ဒီဇင်ဘာလ ၇ရက်နေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါသည်။

ကျေးရွာနှစ်ခြင်းခရစ်ယာန်အသင်းတော် နှစ် (၃၀)ပြည့်ဆုတောင်းပွဲဖြစ်ပြီး ထို ၁ ရက်သာ အစီစဉ်အတွက် ကျေးရွာအနီးရှိ တပ်မတော်စစ်စခန်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ်တို့ကို ခက်ခဲစွာ ညှိနှိုင်းခဲ့ရကြောင်း ကဇူးနှစ်ခြင်းအသင်းတော် အထွေအထွေအတွင်းရေးမှူး သင်းထောက် ဦးလဖိုင်ဇော်ရော် က ပြောဆိုပါသည်။

“ကျနော်တို့က ကိုယ့်ဒေသကို ပစ်ထားတာလည်း အခုဆို ၉နှစ်နီးပါးရှိသွားပြီ။ အဲ့တော့ ကိုယ့်ရွာမှာဘဲ ရှင်းလင်းရေးတွေပြုလုပ်ပြီး ဆုတောင်းပွဲလုပ်ချင်ကြတယ်။ နောက် ကျနော်တို့ စစ်ရှောင်တွေက ဂုဏ်သိက္ခာရှိစွာ နဲ့ နေရပ်ပြန်ချင်ပြီ ဆိုတဲ့ သဘောလည်းပါတယ်။ ဒါ့ကြောင့် ဒီမှာရှိတဲ့ တပ်ရင်းနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အဆင့်ဆင့် တင်ပြတောင်းဆိုခဲ့တယ်။ အစတုန်းကတော့ ခွင့်ပြုသလိုလိုနဲ့ ဆုတောင်း ပွဲပြုလုပ်ဖို့ အလိုမှာ ပြန်မဖြစ်ဖို့အဆင့်အထိ ဖြစ်သွားတယ်။” ဟု ပြောဆိုသည်။

တစ်ရွာလုံးကို သွားရောက်ခုတ်ထွင်ရှင်းလင်းခြင်းမဟုတ်ဘဲ ဘုရားကျောင်းဝင်းနှင့် သွားရာလမ်းတစ်လျှောက်သာ ရှင်းလင်းထားသည်ကို တွေ့ရပါသည်။

စစ်ရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရန်မှာ မိုင်းရှင်းလင်းရေးနှင့် စစ်တပ်စခန်းများ ရုတ်သိမ်းရေးလုပ်ငန်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်သည်ဟု စစ်ရှောင်များ ပြောပါသည်။

ကဇူးစစ်ရှောင်များ၏ အသင်းတော်စတင်တည်ထောင်သည့် နှစ် ၃၀နှစ်ပြည့် မှတ်တိုင်စိုက်ထူသည့် ဆုတောင်းပွဲသို့ ဒေသခံ ၃၀၀ ခန့်က စစ်ရှောင်စခန်းအသီးသီးမှ လာရောက်ပါဝင်ခဲ့ကြပါသည်။

“ကဇူးနှစ်ခြင်းအသင်းတော် စတင်တည်ထောင်တာက ၂၀၁၄မှာဆိုရင် ၂၅နှစ်ပြည့်သွားပြီဖြစ်တယ်။ ဂျူဘီလီပွဲပြုလုပ်ရမယ်ဖြစ်တယ်။ ဒါပေမယ့် နေရပ်စွန့်ခွာ ထားခဲ့ရတဲ့အတွက် မလုပ်လိုက်ရဘူး။ အခု ၂၀၁၉မှာ ၃၀နှစ်ပြည့် သွားပြီဆိုတော့ အသင်းသားတွေက မဖြစ်မနေလုပ်ရမယ်ဆိုပြီး ပြုလုပ်တာပေါ့။ တကယ်လို့ တိုက်ပွဲသာမဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့ဟာ အင်မတန်မှ ပျော်တဲ့နေ့ဖြစ်မှာပါ” ဟု သင်းထောက် ဦးလဖိုင်ဇော်ရော် က ပြောဆိုသည်။

ကချင် စစ်ရှောင်များနေရပ်ပြန်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) နှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တို့သည် နေရပ်ပြန်နိုင်မည့် ကျေးရွာဒေသ ၁၇ခုကို သွားရောက်လေ့လာခဲ့ပြီဖြစ်ကြောင်း KHCC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွမ် ထံမှ သိရပါသည်။

စစ်ရှောင် ၈ နှစ်ကျော်ကာလအတွင်း နမ်ဆန်ယန် အိမ်ထောင်စု ၉၈ စုသည် နေရပ်ပြန်အခြေစိုက်နေပြီ ဖြစ်သော်လည်း လုံခြုံ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်မရှိသေးကြောင်း သိရပါသည်။

ထို့အပြင် လွန်ခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့တွင်လည်း ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နေရပ်ပြန်စစ်ရှောင်များ ထပ်မံ ထွက်ပြေးရန်အထိ ဖြစ်ခဲ့ကြောင်း သိရပါသည်။

 

Show More

Related Articles

Back to top button