သတင်း

ကျောက်နီထွက်သည့် နမ့်ယာပိုင်းကို လုံခြုံရေးအခြေအနေအရ လုပ်ကွက်ချထားမှုအစီစဉ် ချန်လှပ်

ပြည်ထောင်စုညွန်ကြားချက်ဖြင့် ယခုနှစ်အတွက် အသေးစားလက်လုပ်လက်စား မြေဧကချပေးသည့်အစီစဉ်တွင် လုံခြုံရေးအခြေအနေကြောင့် ကျောက်နီထွက်ရှိရာ ဖားကန့် နမ့်ယားဒေသပိုင်းကို ချန်ထားခဲ့ရကြောင်း ပြည်နယ်သယံဇာတ ဝန်ကြီးထံမှ သိရပါသည်။

“ကျောက်နီနဲ့ ကျောက်စိမ်းကိုတစ်ချိန်တည်းမှာဘဲလုပ်တယ်။ ကျောက်နီက နမ့်ယာဆိပ်ဒေသမှာဆိုတော့ အဲဒီဘက် နယ်မြေလုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော်ကနေပြီးတော့ နယ်မြေလုံခြုံရေး မကောင်းတဲ့အတွက်ကြောင့် သူတို့ဘက်ကနေ နောင် နယ်မြေလုံခြုံရေးကောင်းမွန်တဲ့ချိန်မှပဲ ဆောင်ရွက်သင့်ပါကြောင်းဆိုပြီး သဘောထား မှတ်ချက်ပေးထားတာရှိတော့ ကျနော်တို့အနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုပိုင်းမှာ ပြည်သူတွေကို လက်လွှတ်စပယ် မချထားပေးရဲတဲ့ အနေအထားပေါ့။” ဟု သယံဇာတနှင့်ဘာဝထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောပါသည်။

ရတနာနယ်မြေ ဧက၂သောင်းကျော် မြေကွက်ချထားပေးမူတွင် ဧကများဆုံးဖြစ်သည့် ကျောက်နီထွက်ရှိရာ နမ့်ယာဒေသကို ချန်လှပ်ထားပြီး၊ ကျောက်စိမ်းလုပ်ကွက်အတွက် ဧက ၆၀၀ အတွင်း လုပ်ကွက် ၆၀၀ ကိုလည်း အကွက်ရိုက်သတ်မှတ် ထားနိုင်ပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်လုပ်လက်စားတူးဖော်ခွင့်ပြုရာတွင် လုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းမှာ တစ်ဧကဖြစ်ပြီး လုပ်ကွက်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။

ပြည်ထောင်စုမှ လက်လုပ်လက်စားလုပ်ကိုင်ခွင့် ချထားပေးသည့် မြေဧကသည် စုစုပေါင်း ၂၇၇၄၀ နှင့်မှော်ပေါင်း ၂၆ မှော်ရှိပြီး ၎င်းတို့ကို ဖားကန့်အပိုင်းနဲ့ နမ့်ယာအပိုင်းစသဖြင့် ၂ ပိုင်း ခွဲထားကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်သည် ကျောက်စိမ်းပိုင်းဖြစ်ပြီး ဧက ၁သောင်းဝန်းကျင်ခန့်ရှိသည်။ ထို့အတူ နမ့်ယာသည် ကျောက်န်ီ အပိုင်းဖြစ်ပြီး ဧက ၁ သောင်းကျော် ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

“ အများဆုံးက ကျောက်နီထွက်တဲ့ ဘက် ဧကပိုများတယ်။ ခုကျန်တဲ့နေရာမှာလည်း တစ်ချို့ချို့တွေက အရင်ကနေ ပိုင်ဆိုင်ထားပြီးတဲ့ ဥယျာဉ်မြေဖြစ်နေတယ်။ နောက်ပြီးတော့ တစ်ချို့နေရာတွေက လုပ်ကွက်သက်တမ်းကျန်နေသေးတဲ့ နေရာတွေဖြစ်တဲ့အတွက် ခြစ်ကုတ်ပြီးတော့ ခုလောလောဆယ်တော့ အကွက်၆၀၀ဘဲ ရိုက်နိုင်တယ်။” ဟု သယံဇာတနှင့်ဘာဝထိန်းသိမ်းရေးဝန်ကြီးဝန်ကြီး ဦးဒရှီလဆိုင်း ထပ်မံပြောဆိုပါသည်။

လက်လုပ်လက်စား လုပ်ကိုင်လိုသူများအတွက် လာမည့်ဖေဖော်ဝါရီလကုန်ခန့်မှ စတင်ကာ လျှောက်ထားနိုင်အောင် စီစဉ်နေကြောင်း သိရပါသည်။

 

Show More

Related Articles

Back to top button