Covid-19 Reportingသတင်း

KIO နယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးအစီစဉ် ပြုလုပ်နေ

တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးအစီစဉ်များ ပြုလုပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။

“ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့နည်းတွေ mask အုပ်ရမယ်ဆိုတာတွေ ၊ တစ်ကိုယ်ရေ ကျန်းမာရေး လိုက်စားရမယ်ဆိုတာတွေ ၊ နိုင်ငံတကာသတိပေးချက်အတိုင်း လူအများရှိတဲ့နေရာတွေ မသွားဖို့ ၊ ဒီလိုမျိုး ပညာပေးတဲ့အပိုင်းတွေကို FM ကနေလွင့်ပေးခြင်း၊ လူစုတဲ့နေရာတွေမှာ စာရွက်တွေနဲ့ဖြန့်ဝေပေးခြင်းမျိုးတွေကို လုပ်နေတယ်” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

နယ်စပ်ဂိတ်ပိတ်ခြင်း၊ လူစုလူဝေးကန့်သတ်ခြင်းစသည့် အမိန့်ထုတ်ပြန်ထားခြင်းမတွေ့ရသော်လည်း ကိုယ်အပူတက်ခြင်း၊ ချောင်းဆိုခြင်း၊ အသက်ရှုရခက်ခဲခြင်း ဖြစ်လျှင်ဆေးရုံသို့ ပြသရန်၊ လူစုလူဝေးနေရာမသွားရန် စသည့် ကျန်းမာရေးလမ်းညွန်ချက်များကို ထုတ်ပြန်ထားသည်။

အလားတူ စစ်ရှောင်စခန်းများတွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောမှုများပြုလုပ်နေသည်ဟု သတင်းဖော်ပြမှုတွင် တွေ့ရသည်။

ထို့အပြင် KIO နှင့် တရုတ်နယ်စပ် ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်မှု မရှိတော့သည့်အခြေအနေဖြစ်နေကြောင်း ပြောဆိုသည်။

ယနေ့ထိ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော ထူခြားသံသယလူနာ တစ်ယောက်မျှမတွေ့ရှိသေးကြောင်းလည်း ထပ်မံပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အပါအဝင် စစ်ပြေးဒုက္ခသည်စခန်းအများစုသည် တရုတ်နယ်စပ်တွင်ရှိပြီး စစ်ရှောင်အများစုမှာ တရုတ်ပြည်ဘက်တွင် အလုပ်လုပ်နေကြဟု သိရပါသည်။

မြန်မာ-တရုတ်နယ်စပ်ဖြစ်သော ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၀၅ ဦးရှိခဲ့ပြီး ၃ ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ မရှိသေးကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထားပါသည်။

 

Show More

Related Articles

Back to top button