သတင်း

ဟူးကောင်းဒေသတွင် ဒေသခံနှင့် ယုဇနကုမ္ပဏီကြား မြေအငြင်းပွားမှုဖြစ်

ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ဒေသခံများ နှင့် ယုဇနကုမ္ပဏီတို့ကြား ဖေဖေဖော်ဝါရီ ၁၂ ရက်နေ့ မြေယာပြသာနာအငြင်းပွားမှု တစ်ဖန်ဖြစ်ပွားခဲ့သည်။

ဝါရာဇွပ်ကျေးရွာရှိ ဦးဖော်လားလဂျာနှင့် ရှဒူးဇွပ်(အောင်ရာ)ကျေးရွာမှ ဦးလမုန်တန်ဂွန်းတို့ ၂ဦး၏ လယ်ယာမြေကို ယုဇနကုမ္ပဏီဘက်မှ စက်ယန္တရားဘက်ဟိုးများဖြင့် လာရောက်ထိုးကကော်ပေးလိုက်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ခဲ့သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (MRJ) ဦးတန်ဂွန်းထံမှ သိရသည်။

ထိုအငြင်းပွားမှုကို နှစ်ဖက်တွေ့ဆုံဖြေရှင်းရန် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဝါရာဇွပ်ကျေးရွာအုပ်ချုပ်ရေးရုံးတွင် ချိန်းဆိုထားသော်လည်း ဆွေးနွေးမှုမဖြစ်ခဲ့ဟု ဦး တန်ဂွန်းယခုလိုပြောသည်။

“ယုဇနကုမ္ပဏီကနေ ဒီတောင်သူ ၂ဦးရဲ့ လယ်ယာမြေကို စက်ယန္တရား ဘက်ဟိုးတွေနဲ့ ဝင်ရောက်ခဲ့တာပေါ့။ အဲကြောင့် သူတို့အချင်းကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြတာပေါ့။ ပြီးရင် ယုဇနကုမ္ပဏီရဲ့ မန်နေဂျာ ကိုယ်တိုင်က အုပ်ချုပ်ရေးရုံးမှာ ဖြေရှင်းကြဖို့ ချိန်းဆိုထားတာဖြစ်တယ်။ အဲ့မှာ ဒေသခံ ၃၀ကျော်ခန့်က ရောက်လာတော့ သူတို့ဘက်က ဘာမှ ဖြေရှင်းမှုတွေ မလုပ်ဘဲ ပြန်သွားခဲ့တယ်။ ဒီအမှုက ပြန်ပြီး ဖြေရှင်းမှုတွေမလုပ်ရင် အမှုက ဆက်ကြီးသွားဖို့ဘဲရှိတယ်” ဟု ပြောဆိုသည်။

ဦးဖော်လားလဂျာ၏ လယ်တောအနီးတဝိုက်မြေဧကတချို့နှင့် ဦးလမုန်တန်းဂွန်း၏ မြေ ၅ ဧက ခန့် ဖျက်ဆီးခံခဲ့ရသည်ဟု ပြောသည်။

ရှဒူးဇွပ်(အောင်ရာ)ကျေးရွာတွင် နေထိုင်သည့် ဦးလမုန်တန်ဂွန်းသည် ၎င်း၏ လယ်ယာမြေအတွက် ပြည်နယ်အစိုးရမှ တရားဝင် မြေပေစာများ အပြည့်အစုံရရှိထားသော်လည်း ယခုလို ယုဇနကုမ္ပဏီ၏ ဖျက်စီးမှုကို ခံခဲ့ရကြောင်း ဆိုသည်။

“ကျနော့်ရဲ့လယ်ယာမြေတွေက အရင်တုန်းကနေ ပြည်နယ်တရားရုံးကနေ တဆင့် ဖားကန့်မြို့နယ် ဦးဉာဏ်ဝင်းကိုယ်တိုင် လယ်၊ မြေ၊ ကုန်မြေကအစ တိုင်းထွာပြီး ထွက်ဆိုပြုလုပ်ထားပေးတာဖြစ်တယ်။ ပြောချင်တာက အခုကျူးကျော်ခံရတဲ့ နေရာတွေက သူတို့ကိုယ်တိုင် မှတ်ချက်ချပြီး ကျေနပ်နပ် ချပေးတဲ့နေရာတွေဖြစ်တယ်။ ဒါတောင်အခုလို ကျူးကျော်ခံရတယ်။ အဲ့ကြောင့် စိတ်မကောင်းဘူး” ဟုပြောဆိုသည်။

ယခုလို ဒေသခံပြည်သူများနှင့် ကုမ္ပဏီတို့ကြား အငြင်းပွားမှု ပြသာနာများ မကြာခဏကြုံတွေ့နေရ သောကြောင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ စနစ်တကျ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်နေကြောင်း တောင်းဆိုခဲ့သည်။

ဟူးဟောင့်ချိုင့်ဝှမ်းဒေသတွင် ကျေးရွာ ၂၅ရွာ ရှိပြီး ဒေသခံပြည်သူများ၏ လယ်ယာမြေများကို ၂၀၀၄ခုနှစ် နောက်ပိုင်း နိုင်ငံတော်အစိုးရမှ ကျားထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ၂၀၀၇ ခုနှစ်တွင် ယုဇနကုမ္ပဏီ ထပ်မံဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လက်ရှိ ဟူးကောင်းဒေသကျေးရွာ၏ မြေဧက ၄၂၉၃၁၀၂.၉၆ ခန့် သိမ်းဆည်းထားခံနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

 

Show More

Related Articles

Back to top button