သတင်း

ဖားကန့်ကျောက်စိမ်းကုမ္ပဏီတစ်ခုကို မိသားစု တစ်စု ဆန္ဒပြ

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်သည့် စိမ်းလဲ့ရတနာဝင်းကုမ္မဏီ၏ ဥပဒေမဲ့လုပ်ရပ်ကို ဖြေရှင်းပေးရန် မိသားစုတစ်ခုမှ ယနေ့ ကချင်ပြည်နယ်သယံဇာတရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။

ဆန္ဒပြသည့် မိသားစုသည် ဖားကန့် လုံးခင်းကျေးရွာအုပ်စု အမှတ်(၁)ကုဋေကျေးရွာနေ ဦးဆွေမင်းထွန်းတို့ မိသားစုသုံးဦးဖြစ်ပြီး ဆန္ဒပြမှုကို ဖေဖော်ဝါရီ ၁၇ မှ ၂၃နေ့ထိ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

“ကျနော့အိမ်ကို ကျနော်ခရီးသွာနေတုန်း ကျနော့ကိုလည်းခွင့်ပြုချက်မတောင်းဘဲနဲ့ ကာထားတဲ့ သွပ်တွေကို ဖျက်ပြီးတော့ ကုမ္မဏီမြေစာ ပစ်လမ်းဆိုပြီး ဖောက်လိုက်တယ်။ ကျနော် ပြန်လာတော့ ဒီကိစ္စကိုဖြေရှင်းပေးဖို့ မြိုနယ်၊ ပြည်နယ်အဆင့်ဆင့်ကို စာတင်တယ်။ ဒါပေမယ့် ခုဆိုရင် ၃ နှစ်နီးပါးရှိလာပြီ ခုထိဘာမှဖြေရှင်းပေးတာ မရှိသေးဘူး။ ဒါကြောင့် ငြိမ်းစုစီတင်ပြီး ဆန္ဒပြနေခြင်းဖြစ်တယ်။” ဟုဆန္ဒထုတ်ဖော်သူ ဦးဆွေမင်းထွန်း ပြောသည်။

အဆိုပါ မြေစာပစ်လမ်းဖောက်လုပ်သည့် ကိစ္စတွင် ကုဋေမှော်ကျေးရွာရှိ အိမ်ခြေ ၁၇ အိမ်ပါဝင်ပြီး ၁၆ အိမ်ထောင်စုကိုသာ ဖြေရှင်ပေးကာ ၎င်းတို့အိမ်အား ချန်လှပ်ထားကြောင်း ဆက်ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ယခုကိစ္စကို တိတိကျကျလုပ်ဆောင်ရန်လိုအပ်ကြောင်း လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန် သုံးသပ်ပြောဆိုသည်။

“တိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ မြေယာနဲ့က မသက်ဆိုင်တဲ့အတွက် ကနဦးတင်ပြတာသည် သက်ဆိုင်ရာမြေယာ၊ ထွေအုပ်တွေမှာ တင်ပြခဲ့တယ်။ တင်ပြပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာတဲ့ခါတော့ ဝန်ကြီး ကျနော်တို့မှာ ဒီလိုတွေရှိနေတယ် ကူညီပေးပါဆိုပြီး လာတွေ့ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း လုပ်ပိုင်ခွင့်ကလိုသေးတယ်။ သက်ဆိုင်ရာဦးစီးဌာနက ဒီကိစ္စကိုစီစစ်ဖို့ ကော်မတီတစ်ခုဖွဲ့မလား။ မဟုတ်ရင် တိုင်းရင်းသားရေးရာဝန်ကြီးကို တာဝန်ပေးမလား။ ဒါကသူတို့အပိုင်း အဲအပိုင်းမှာကျန်နေတာ ရပိုင်ခွင့်မရှိဘူးဆိုလည်း ပြတ်ပြတ်သားသားထုတ်ပြန်ရမယ်။ ဒါကိုမထုတ်ပြန်ဘဲနဲ့ ကန့်လန့်ကြီးရှိနေတော့ ဒါကိုပြီးပြတ်အောင်ဆောင်ရွက်ဖို့ လိုအပ်တယ်။” လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန် ပြောသည်။

ယနေ့ ဆန္ဒဖော်ထုတ်သူ ဦးဆွေမင်းထွန်း ၁၉၉၂ ခုနှစ်မှစကာ ကုဋေကျေးရွာတွင် စတင်နေထိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် မြေစာရင်းဦးစီးဌာနမှ ၁၀၅ ၊ ၁၀၆ ပိုင်ဆိုင်ခွင့်ပြုထားသည့် မြေနေရာဖြစ်ကြောင်း အထောက်အထားများအရ သိရသည်။

ယင်းမြေနေရာနှင့်ပတ်သက်ပြီး ၂၀၁၈ခုနှစ် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနားခရီးစဉ်တွင် တိုင်ကြားစာထည့်ဝင်ခဲ့ပြီး၊ ၂၀၁၉ နိုင်ငံတော်သမ္မတ၏ မြစ်ကြီးနားခရီးစဉ်တွင်တစ်ဖန် တိုင်ကြားစာထည့်ခဲ့ပြီးနောက် ပြည်ထောင်စုမှ လိုအပ်သလို စီစစ်ဆောင်ရွက်ပေးရန် ညွှန်ကြားထားသော်လည်း ယနေ့ချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမျိုး မရှိသေးကြောင်း ဆန္ဒပြသူ ဦးဆွေမင်းထွန်းက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ဒီအထိ တက်လာဖို့လည်း မရဲပါဘူး။ ကျနော်တို့လို နစ်နာနေတဲ့သူတွေလည်း အများကြီးရှိမှာပါ။ နောက်ဆုံးကျနော်တို့ မခံစားနိုင်လို့ တက်လာရတာပါ။ အဲကြောင့်မို့ အဲဒေသမှာရှိတဲ့ ဌာနဆိုင်ရာတွေကို ပြောချင်ပါတယ်။ ကိုယ်ချင်းစာ တရားလေးထားပေးပါလို့” ဟု ဆန္ဒဖော်ထုတ်သူ ဦးဆွေမင်းထွန်း ပြောဆိုခဲ့သည်။

 

Show More

Related Articles

Back to top button