သတင်း

လိပ်ကျောက်တူးဖော်မှုကြောင် ငွေပျော်စံပြကျေးရွာ သစ်တော ဧက ၁၀ ကျော် ပျက်စီး

ကချင်ပြည်နယ် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာနီး အင်ခိုင်ဘွမ်တောင်ခြေ အမျိုးသားဥယျာဉ်တွင် လိပ်ကျောက်တူးဖော်မူကြောင့် ငွေပျော်ဒေသခံများ၏ CF အစုအဖွဲ့ပိုင်စိုက်ပျိုးမြေ ၁၀ ဧကကျော်ခန့် ပျက်စီးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။

ငွေပျော်စံပြ CF အစုအဖွဲ့ပိုင်စိုက်ပျိုးမြေ စုစုပေါင်း ဧက ၂ထောင်ကျော်ရှိပြီး လက်ရှိတွင်လိပ်ကျောက်တူးဖော်မူကြောင့် ပျက်စီးသွားသည့် နှစ်ရှည်ပင်များလည်း ရှိကြောင်း ပြောသည်။

“ ခုကြည့်တာတော့ ၁၀ဧကလောက် ပျက်စီးနေပြီ တူးထားတဲ့ကျင်းတွေကိုတော့ ခြံပိုင်ရှင်တွေကဘဲ ပြန်ဖို့ယူရတော့မယ်။ ကျနော်တို့ အုပ်ချုပ်ရေးဘက်ကတော့ မြေတွေဖို့ပေးဖို့အစီစဉ်မရှိပါဘူး။ တစ်ဖက်ကပြောမယ်ဆိုရင် ခုလို ပြည်နယ်အစိုးရက တားလိုက်တာ ကျနော်တို့ဒေသခံတွေအတွက် အရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ငွေပျော်စံပြကျေးရွာရဲ့ သောက်သုံးရေက အဲတောင်ကျရေတွေကို သောက်ရတာဖြစ်တယ်။ မတားလို့ရှိရင် ရေလည်းနှောက်လာမယ်။ ပြီးတော့ ကြာကြာတူးရင် တောင်ပြိုတဲ့အဆင့်ထိပါ ဖြစ်လာနိုင်တယ်။” ငွေပျော်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။

ငွေပျော်စံပြကျေးရွာ အစုအဖွဲ့ပိုင်စိုက်ပျိုးမြေတွင် ရေမနီ၊ ပျဉ်းကတိုး၊ ကျွန်း၊ စသည့်နှစ်ရှည်ပင်များ စိုက်ပျိုးထားကြပြီး ယင်းနေရာသည် အမျိုးသားဥယျာဉ်၏ ဧက ၇သောင်းအတွင်း ပါဝင်သည်။

လိပ်ကျောက်ကို ဖေဖော်ဝါရီလ ၆ ရက်မှ ငွေပျော်ကျေးရွာတွင် စတင်တူးဖော်ခဲ့ကြပြီးနောက် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကာ သဘာဝပတ်ဝန်းကျင်နဲ့ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၆ရက်နေ့ထိ အသိပညာပေးဆိုင်းဘုတ်များတပ်ဆင်ခဲ့ကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လိပ်ကျောက် ဆက်လက်တူးနေသူ ၃၅၉ ဦးကို ဖမ်းဆီးခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း ငွေပျော်စံပြ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။

“ကျနော်တို့ဒေသခံတွေက သူများတွေလာတူးနေမှ သိရတာ။ ဘာပဲဖြစ်ဖြစ် ဒီနေရာတွေက အမျိုးသားဥယျာဉ်လည်းဖြစ်တယ်။ ပြီးတော့ အစုအဖွဲ့ပိုင်စိုက်ပျိုးမြေနေရာဖြစ်တဲ့အတွက် မတူးတာအကောင်းဆုံးပါဘဲ။” ဒေသခံတစ်ဦး ပြောသည်။

ငွေပျော်စံပြကျေးရွာသည် ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် တည်ထားပေးသည့် စစ်ရှောင်ရွာဖြစ်ပြီး ယခုချိန် စစ်ရှောင်မိသားစု ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော် နေထိုင်နေသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button