သတင်း

ဖားကန့် သာယာကုန်း အုပ်ချုပ်ရေးမှူး တာဝန်မှရပ်ဆိုင်းရေး ဒေသခံများတောင်းဆို

ဖားကန့်မြို့နယ် သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်ဆိုင်းပေးရန်အတွက် ဒေသခံများက သက်ဆိုင်ရာသို့ စာတင်ထားကြောင်း သိရသည်။

တိုင်ကြားစာတွင် အုပ်ချုပ်ရေးမှူး ဦးတူးဂျာမှ ကျေးရွာအဝင်လမ်းအား စိမ်းမြအောင် ကုမ္မဏီအား ကျောက်စိမ်းတူးဖော်ခွင့်ပြုရာမှ ရရှိလာသော ဒေသရံပုံငွေ ကျပ်သိန်းတစ်ထောင်ကို ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးရန် ကတိကဝတ်ပြုထားသော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် လက်ရှိရာထူးမှ ရပ်စဲရန်နှင့် ယင်းရံပုံငွေများအား မည်သည့်နေရာတွင်သုံးစွဲထားကြောင်း ရှင်းတမ်းပြုလုပ်ရန် စသည့်အချက်များပါဝင်သည်။

“ကျမတို့ရွာသားတွေကို ပြောတာတော့ သိန်း ၁ထောင်လို့ ပြောတယ်။ ကျမတို့လည်အတိအကျ မသိဘူး။ ဒီကျေးရွာအဝင်လမ်းကို ကျောက်တူး စားခိုင်းခြင်းအားဖြင့် ရွာမှာ ရေကောင်းရေသန့်ရရှိစေမယ်။ ပြီးတော့ မီးရရှိစေမယ်။ သာရေး၊နာရေး၊ ဘာသာရေးမှာ လူမျိုးမခွဲခြားဘဲနဲ့ အားလုံးသုံးနိုင်ဖို့ ကားတစ်စီးဝယ်မယ်။ တူးခိုင်းထားတဲ့လမ်းကို ပြီးတဲ့ချိန်ကျရင် ကွန်ကရစ်လမ်းခင်းပေးဖို့ဆိုပြီးတော့ အချက်လက်နဲ့ တကွ ကတိကဝတ်ပြုထားတဲ့ဟာတွေ လုပ်ဆောင်ပေးခြင်းမရှိလို့ ကျမတို့ဒေသခံတွေက ဝန်ကြီးချုပ်ထိ စာတင်ထားတယ်။” ဟု ဒေသခံဆရာမ ဒေါ်ကိုင်ရိန် ပြောသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူး ဦးတူးဂျာအနေဖြင့် ယင်းရံံပုံငွေအား ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားသော်လည်း မီးသတ်ကားတစ်စီး ဝယ်ရုံမှ လွှဲပြီး ကျေးရွာအတွက် တစ်စုံတစ်ရာဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

“ခုဆိုရင် ၃နှစ်ရှိလာပြီ ၂၀၁၇ကတည်းက ခုချိန်ထိအုပ်ချုပ်ရေးမှူးပေးထားတဲ့ ကတိကဝတ်တွေ ဆောင်ရွက်မပေးဘူး။ အဲကြောင့် ကျနော်တို့ဒေသခံတွေအနေနဲ့ အုပ်ချုပ်ရေးမှူး ရာထူးကနေ ရပ်ဖို့တောင်းဆိုထားတာဟုတ်တယ်။ ၂၀၂၀ရွေးကောက်ပွဲထိ မစောင့်နိုင်တော့ဘူး။ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။” ဟု ဒေသခံ ဦးညီညီ ဆိုသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနသို့ တိုင်ကြားစာထည့်သည်မှာ သုံးကြိမ်တိုင်တိုင်ရှိပြီဟု သိရသည်။

လက်ရှိ ရွာအဝင်လမ်းတွင် ကျောက်စိမ်းတူးဖော်မှု ပြီးစီးပြီဖြစ်သော်လည်း ကုမ္မဏီမှ မြေစာ ဖို့ပေးရုံသာရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

တိုင်ကြားစာနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။

 

Show More

Related Articles

Back to top button