သတင်း

ကျပ်သိန်း ၁ သောင်းကျော်ပေးဆောင်ရန် ဒေသခံများကို တစ်သျှူးငှက်ပျောကုမ္ပဏီမှ တရားစွဲဆိုမှုကို ရှင်းလင်း

ဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မုတ်ကျိတ်ဒေသခံများနှင့် တစ်သျှူးငှက်ပျောကုမ္ပဏီတို့ကြား ဖြစ်ပွားခဲ့သည့်တရားစွဲဆိုမှုများနှင့်ပတသက်ပြီး ဒေသခံများ ယနေ့ မြစ်ကြီးနား AGAPE HOTEL တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

လွန်ခဲ့သည့် ၂၀၁၈ခုနှစ် တရုတ်တစ်သျှူးငှက်ပျောစိုက်သည့် မျိုးဆက်ကြယ်ပွင့်ကုမ္မဏီမှ တောင်သူများ၏ မြေယာများသိမ်းယူခြင်းအပြင် ယနေ့တိုင်တရားစွဲဆိုထားမူများနှင့် ပတ်သက်ပြီး ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ရွာသားတွေက ဘာမှမှားယွင်းခဲ့တာ မရှိဘူး။ ကိုယ့်ရွာမှာ ကိုယ်နေပြီးတော့ ကိုယ့်မြေနေရာတွေကိုလည်း မတရားဖျက်ဆီးခံရတယ်ဆိုတဲ့အပိုင်းမှာ ရွာသားတွေကမကျေနပ်ဘူး။ အဲကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ခရိုင်တရားရုံးမှာ အယူခံလျှောက်ထားတဲ့အပိုင်းလည်းရှိတယ်။ နောက်တစ်ခုက သူတို့ကုမ္မဏီဘက်က ရပ်နားထားရတယ်ဆိုတာလည်း အစိုးရဌာနတွေကိုတရားဝင် စာထည့်တဲ့အပိုင်းရှိတယ်။ သစ်တောကနေ တရားစွဲတဲ့အပိုင်းတွေရှိတယ်။ အဲဒီအတွက်ကြောင့်မို့ သူတို့လုပ်ငန်းတစ်ချို့တွေ ရပ်ခဲ့ရတာရှိတယ်။ နောက်စိုက်ခင်းထဲမှာ တရားမဝင်တရုတ်တွေကို ထားတဲ့အတွက်ကြောင့်မို့လို့ ဝိုင်းမော်မြို့နယ်က ဝင်ရောက်ဖမ်းဆီးတဲ့အပိုင်းတွေရှိတဲ့တွက်ကြောင့်မို့လို့ သူတို့လုပ်ငန်းတွေအကုန်လုံး ရပ်နားထားရတဲ့အပိုင်းရှိတယ်။ အဲဒီအတွက်ကြောင့် အဲဒီနစ်နာကြေးကိုပေါင်းပြီးတော့ ကျနော်တို့ ရွာသား ၇ဦးကို သိန်းပေါင်း ၁၂၀၀၀ တောင်းတာကတော့ ငွေကြေးအရ ကြိမ်းခြောက်မူအပိုင်းတွေရှိနေတယ်” ဟု လက်ရှိတရားရင်ဆိုင်နေရသည့် မုတ်ကျိတ်ကျေးရွာမှ ဆရာဆိုင်းလီ ယခုလိုပြောသည်။

အဆိုပါ မြေနေရာများသည် ဒေသခံများ၏ သဘောတူညီမူမရဘဲ စီမံကိန်းလုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက်အငြင်းပွားမူ ဖြစ်ခဲ့ကြပြီးနောက် ကုမ္မဏီဘက်မှ ဒေသခံများကို တရားစွဲဆိုထားသည့်အမှု ၂ မှုရှိခဲ့သည်။

၂၀၁၈ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် အကျိုးဖျက်စီးမူပုဒ်မ ၄၂၇ဖြင့် ဒေသခံ ၇ ဦးကို စတင်အမူဖွင့်စစ်ဆေးခဲ့ပြီး၊ ယင်းအမှုကို ၂၀၁၉ နိုဝင်ဘာ ၁၈ရက်နေ့တွင် ဒေသခံများအား ထောင်ဒဏ် ၆လ သို့မဟုတ် ငွေဒဏ် ကျပ် ၅ သောင်းပေးဆောင်ရန် ဝိုင်မော်မြို့နယ် တရားရုံးမှ အမိန့်ချခဲ့သည်။

ဤစီရင်ချက်ကို ကန့်ကွက်သောဒေသခံများသည် မြစ်ကြီးနား ခရိုင်တရားရုံးသို့ အယူခံ တင်ထားသည်ဟု သိရသည်။

နောက်ထပ် ၁ မှုမှ ဒေသခံများနှင့် ကုမ္ပဏီကြား မြေယာအငြင်းပွားမှုတွင်ဦးဆောင်သော ဒေသခံများကို နစ်နာကြေး ငွေကျပ်သိန်း ၁၂၀၀၀ ပေးဆောင်ရန် ကုမ္ပဏီဘက်မှ ပြည်နယ်တရားရုံးတွင် ထပ်မံ စွဲဆိုထားခြင်းဖြစ်သည်။

“ဒီနေ့ထိ သိန်း၁ထောင်ကျော်တောင်မှ လျော်ကြေးဆိုပြီး တရားစွဲတောင်းခံနေတာကို ကျမတို့အနေနဲ့ နားမလည်နိုင်ဘူး။ ပြီးတော့ ကျမတို့အဘွားကြီးတွေ နှစ် ၃၀ ကျော်တောင်မှ စိုက်ပျိုးခဲ့ရတဲ့ထင်းပင်တွေ၊ နှစ်ရှည်ပင်တွေ ဒါတွေနဲ့ဘဲ သားသမီးတွေကို ကျောင်းထားခဲ့ရတာ၊ ခုဆိုရင် ၃နှစ်ရှိသွားပြီ အခက်ခဲများကြီးကြုံရတယ်။ မျက်ရည်မျက်ခွက်နဲ့နေလာရတာ ခုပြောင်းပြန် တရားပြန်စွဲနေတာတွေ ဘယ်လိုမှကိုနားမလည်နိုင်တော့ဘူး။” ဟု မုတ်ကျိတ် KBC နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အမူတော်ဆောင် ဆရာမတစ်ဦး ပြောသည်။

လွန်ခဲ့သည့် ၂ နှစ် မျိုးဆက်ကြယ်ပွင့်ကုမ္မဏီဘက်မှ ဒေသခံတောင်သူများ၏ မြေနေရာများကို ဝယ်ယူခဲ့ကြသော်လည်း အချို့မြေနေရာများအား ဝယ်ယူခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်ထားမှု ရှိနေသည်ဟု ထပ်မံသိရသည်။

“ငှက်ပျောကိစ္စဖြစ်လိုက်တိုင်း ဖြစ်လိုက်တိုင်းရွာသားတွေ ခံနေရတယ်။ ရွာသားတွေက သူတို့မြေသွားလုတာမဟုတ်ဘူး။ ရွာသားတွေက သူတို့မြေတွေဖျက်စီးခံနေရတာ။ တရားရုံးမှာစီရင်ဖို့လည်း ရွာသားတွေက အတွေ့အကြုံမရှိတာ၊ အင်အားမရှိတဲ့အပိုင်းတွေ ရှိနေတော့ ဖြစ်လိုက်တိုင်း ရွာသားတွေဘဲ ခံနေရတယ်။ အဲတော့ တရားစီရင်ရေးမှာလည်း မှန်ကန်တဲ့တရားစီရင်ဖို့ ဖြစ်စေချင်တယ်။” ဟု ဆရာဆိုင်းလီက ဆိုသည်။

အငြင်းပွားရ နေရာတွင် ဒေသခံများ၏ မြေဧက ၃၀၀ ကျော်ပါဝင်နေသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button