သတင်း

ဖားကန့် မှော်စီစာတွင် မြေပြိုမှုဖြစ်

ဖားကန့်၊ မှော်စီစာတွင် ကျူးကျော်များနေထိုင်သည့် မြေနေရာတွင် ယနေ့ မြေစာပုံပြိုကျခဲ့သဖြင့် တဲအိမ် ၃လုံး ပျက်စီးသွားကြောင်း သိရသည်။

ယနေ့ မနက် ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုနေရာသည် မှော်စီစာကျေးရွာ အောင်သာယာအပိုင်း(၂) သင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်ဖြစ်သည်ဟု မှော်စီစာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“အခုမြေပြိုတဲ့နေရာက အရင်က သင်အောင်ကြိုင်ကုမ္ပဏီရဲ့လုပ်ကွက်ဟောင်း နေရာဖြစ်တယ်။ ပြီးတော့မှ အဲ့မှာက အခုဆိုကျူးကျော်တဲတွေ အများကြီးလာဆောက်ထားကြတယ်။ တစ်ချို့ကနေကြတယ်။ လူမရှိတဲ့ တဲတွေလည်း အများကြီးရှိတယ်။ ဒီနေရာတွေက တရားဝင်ချမှတ်ပေးထားတဲ့ နေရာတွေမဟုတ်ဘူး။ ကျူးကျော်နေထိုင်တဲ့ သူတွေဖြစ်တယ်။ အခုမြေပြိုတော့ တဲက ၃လုံးပါသွားတယ်။ နောက်ထပ် ၆လုံးလောက် ပြန်ပြိုမယ့် ကိန်းရှိတယ်” ဟု ပြောဆိုသည်။

အုပ်ချုပ်ရေးဌာနဘက်မှ တရားဝင်ချမှတ်ပေးထားသည့် မြေနေရာမဟုတ်သည်သာမက မိမိသဘောဖြင့် လာရောက်ကျူးကျော်နေထိုင်းသည့်အတွက် တစ်စုံတစ်ရာဖြစ်ပွားလာသော်လည်း ကူညီထောက်ပံ့မှုများကို ပေးမည်မဟုတ်ကြောင်း ကြေငြာထားသည်ဟု သူက ဆိုသည်။

လက်ရှိမြေပြိုကျသည့် မြေစာပုံအနက်မှာ ပေ ၃၀၀ရာခန့် နက်ပြီး ကျူးကျော်နေထိုင်နေသည့် အိမ်ခြေမှာ ၄၀၀ ကျော်ခန့် ဆက်လက်ရှိနေကြောင်း သိရပါသည်။

Show More

Related Articles

Back to top button