သတင်း

တရုတ်ကုန်ကားများကို ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် လွှတ်တော်တွင် ဆွေးနွေး

တစ်သျှူးငှက်ပျောတင်သည့် တရုတ်ကုန်တင်ကားကြီးများကို ကချင်ပြည်နယ်တွင်းသို့ ဝင်ထွက်ခွင့်မပြုရန်နှင့် နယ်စပ်ဂိတ်များတွင်သာ ကုန်အချိန်းအပြောင်းလုပ်ရန်မှာ အဆင်မပြေသေးကြောင်း ကချင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ပြောသည်။

တရုတ်ကုန်ကားများ ကချင်ပြည်နယ်သို့ ဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး ၁၈ ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးမှ ယခုလို ပြောခဲ့သည်။

“ကန်ပိုက်တီကုန်သွယ်ရေး စခန်းဟာ ဌာနပိုင်မြေအဖြစ် ဧကပေါင်း ဝ.၉၈၃ ဧကသာရှိပါတယ်။ ကုန်ပစ္စည်းများအား ခေတ်မီစက်ပစ္စည်းများဖြင့် စစ်ဆေးနိုင်ခြင်းမရှိသေးတဲ့ စခန်းဖြစ်ပါတယ်။ ကုန်ပစ္စည်းတင်ရန် ကုန်စစ်စင်များ၊ ကုန်တင်ကားယာဉ်စစ်ဆေးကွင်းအား မရှိတဲ့အပြင် ကုန်ပစ္စည်းအချိန်းအပြောင်းလုပ်ရန် ဌာနပိုင်၊ ကုမ္မဏီပိုင်မြေနေရာများ ယာဉ်တင်ချကွင်းများ မရှိတဲ့အတွက် လတ်တလော ချိန်းပြောင်းလုပ်ရန်အတွက် ခက်ခဲရှိအုံးမည်ဖြစ်ပါတယ်။” ဟု ပြည်နယ် ဘဏ္ဍ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ပြန်လည်ဖြေကြားခဲ့သည်။

ကန်ပိုင်တီကုန်သွယ်ရေးစန်းမှ နေ့စဉ်ပို့ကုန်၊ သွင်းကုန် ယာဉ်အရေအတွက်မှာ အစီး၂၀၀ မှ ၅၀၀ခန့်ရှိကြောင်း သိရသည်။ ထိုအထဲ တရုတ်တစ်သျှူးငှက်ပျောတင် ကုန်ကားများသည် ဝိုင်းမော်မြို့ စိုက်ခင်းအထိဝင်ရောက်နေသည်ကို တွေ့ရသည်။

အဆိုပါမေးခွန်းသည် ရွှေကူမြို့နယ်၊ မဲဆန္ဒနယ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ယု၏ ကြယ်ပွင့်ပြ မေးခွန်းဖြစ်သည်။

“ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်ရွှေကူမြို့နယ်များမှ တရုတ်ကုမ္မဏီများဟာ မြန်မာနိုင်ငံရဲ့နိုင်ငံသူ၊သားများ နာမည်ခံပြီးတော့ ငှက်ပျောများစိုက်လာကြသည်မှာ ပိုများလာပြီး ငှက်ပျောတင်ကားများ၏ ဝန်များကြောင့် လမ်း၊ တံတားများ ပျက်စီးလာပါတယ်။ နယ်စပ်ဂိတ်တွင် အပြောင်းအလဲမလုပ်တဲ့အတွက် ငှက်ပျောတင်ကားကြီးများက လွှတ်လပ်စွာ သွားလာနိုင်မူကြောင့် သယံဇာတများခိုးတူးမူကိုလည်း သံသယဖြစ်ဖွယ်များစွာရှိလာပါတယ်။ ထို့ကြောင့် ငှက်ပျောတင် ကုန်သည်ကားများအား တရားဝင်ပိတ်သိမ်းကာ နယ်စပ်၌ကုန်ပစ္စည်းပြုလုပ်ပေးရန် ” မေးမြန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကုန်ကားများကို မြန်မာပြည်ထဲသို့ ဝင်ရောက်ခြင်း ခွင့်မပြုရန် ဝိုင်းမော်ဒေသခံများ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ငှက်ပျောတင်ကားများကို စိုက်ခင်းထဲထိ ဝင်ရောက်ခွင့်မပြုဘဲ နယ်စပ်တွင်သာ အချိန်းအပြောင်းလုပ်ရန် ညွန်ကြားလိုက်ပါက ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရမည်ဟု မျှော်လင့်ကြောင်း ဝိုင်းမော်အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ခံ ဦးဘောမ်ဆောင် ကချင်သတင်းဌာန KNG သို့ သုံးသပ်ပြောဆိုသည်။

“ခုအခြေနေနဲ့ဆိုရင်တော့ ငှက်ပျောတင်တာကအစ သူတို့ကားနဲ့ ဘဲတင်နေကြတာဆိုတော့ သူတို့အတွက်ဘဲ ပိုအကျိုးရှိသလို ဖြစ်နေတယ်။ ဒီကလူတွေက အလုပ်လက်မဲ့ ဖြစ်နေတယ်။ ရှိတဲ့ကားတွေကလည်း ဘာမှလုပ်လို့မရဖြစ်နေတယ်။ ဖြစ်နိုင်ရင်တော့ ဒေသခံတွေ တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် နယ်စပ်မှာဘဲ ကုန်တွေကို အချိန်းအပြောင်းလုပ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံက သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရမယ်လို့ မြင်ပါတယ်။” ဟု ပြောသည်။

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တရုတ်တစ်သျှူးငှက်ပျောအဓိက တင်ပို့ပြီး လယ်ယာထွက်ကုန် အသီးအနှံများ၊ ဆန်၊ ပြောင်းဖူး၊ ရာဘာ၊ သံ စသည်တို့ကို တင်ပို့ကာ တရုတ်နိုင်ငံမှ စိုက်ပျိုးရေးသုံး မြေသြဇာများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နဲ့ အပိုပစ္စည်းများကို ပြန်လည် တင်သွင်းသည့် ကုန်သွယ်ရေးစခန်းဖြစ်သည်။

ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို အဆင့်မြင့်တင်ရန် စီမံဆောင်ရွက်ထားမှုကို ကချင်ပြည်နယ်လွှတ်တော်တို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တင်ပြခဲ့သည်။

အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) သို့ တင်ပြထားပြီး၊ (MIC) မှလည်း ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ပမာဏစစ်ဆေးပြီးစီးထားကြောင်း သိရသည်။

(MIC) ခွင့်ပြုချက်ရရှိပြီးနောက် ယာဉ်စစ်ဆေးကွင်းများ၊ ယာဉ်ရပ်နားကွင်းများတည်ဆောက်ကာ တစ်သျှူးငှက်ပျော သယ်ဆောင်သည့်ယာဉ်များအပါအဝင် တစ်ခြားကုန်ပစ္စည်းများကို စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံ ဘဏ္ဍာဝန်ကြီး၏ တင်ပြမှုတွင် ပါရှိသည်။

ထို့ကြောင့် လက်ရှိတွင် တရုတ်ကုန်ကားများသည် ဝိုင်းမော်မြို့ထိ ဝင်ရောက်နေသည်ကို တွေ့ရသည်။

 

Show More

Related Articles

Back to top button