ကချင်မှာ ငွေမပေးနိုင်တဲ့ ရဲတွေကို ရခိုင်နဲ့စစ်ကိုင်းဘက် အဓိကပို့နေ
ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ငွေကြေးမပေးနိုင်သူတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်၊စစ်ကိုင်းလိုနေရာတွေကို အတင်းပို့နေတယ်လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မြစ်ကြီးနားခရိုင်နဲ့ မိုးညှင်းခရိုင်အတွင်း တာဝန်သက်တမ်းကြာပြီဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နယ်မြေရွှေ့ပြောင်းဖို့ စာရင်းကောက်ရာမှာ ပြည်နယ်ရဲမင်းကြီး၊ ဒုရဲမင်းကြီး၊ PSO အဖွဲ့တွေက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ငွေကျပ်သိန်း ၁၀၀ တောင်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ကျပ် သိန်း ၁၀၀ ပေးနိုင်သူတွေကို ချန်ထားပြီး မပေးနိုင်သူတွေကို နယ်မြေရွှေ့ပြောင်းစာရင်းထဲထည့်ပြီး ပြောင်းခိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။
“အသက်ကြီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နယ်ဝေးမထည့်ဖို့ အသိပေးထားပေမယ့် မြေပြင်မှာ အဲဒီလိုမဟုတ်ပါဘူး။ ငွေမပေးနိုင်တဲ့သူတွေကို တိုက်ပွဲပြင်းထန်တဲ့ ရခိုင်၊ စစ်ကိုင်းဘက်လွှတ်ပြီး ပိုက်ဆံပေးနိုင်တဲ့ အနေကြာရဲတွေကိုတော့ ပြည်နယ်နဲ့ ခရိုင်တပ်ဖွဲ့တွေထဲမှာပဲ ဆက်ထားပါတယ်” လို့ အဲဒီရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။
မြစ်ကြီးနားခရိုင်နဲ့ မိုးညှင်းခရိုင်အတွင်း အခုလို နယ်မြေရွှေ့ပြောင်းမှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်လာတာလို့ သိရပါတယ်။
နယ်မြေရွှေ့ပြောင်းရမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ မိမိတို့ ပြောင်းရွှေ့လိုတဲ့ နယ်မြေကို ရွေးချယ်ခွင့်ရှိပေမယ့် လက်တွေ့မှာတော့ ရဲမင်းကြီးတွေနဲ့ ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက စာရင်းတွေကို ကိုင်တွယ်ပြီး စိတ်ကြိုက် စေလွှတ်နေတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ရဲတပ်ဖွဲ့တစ်ဦး ဆက်ပြောပါတယ်။
“အမှန်က နယ်မြေရွေးခွင့်ရှိတယ် ဒါပေမယ့် ခုကဘယ်လိုဖြစ်နေလဲဆိုရင် လုံးဝ သူတို့အလိုကျပဲ သူတို့စိတ်ကြိုက်ပဲလုပ်နေတာ။ ဘာမှလည်းပြောမရဘူး သူတို့သွန်ချင်သွန် မှောက်ချင်မှောက်ပဲ“လို့ ပြောပါတယ်။
ဒါ့အပြင် နယ်မြေရွှေ့ပြောင်းရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာတွေကို တာဝန်ကျရာနေရာကို စနစ်တကျ လွှဲပြောင်းပေးတာမရှိဘဲ အလွဲသုံးစားလုပ်တာတွေလည်း ရှိနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလို အရာရှိကြီးတွေဘက်က ဖိအားပေးတာနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေတဲ့အတွက်မြေပြင်မှာ ရဲတပ်ဖွဲ့၊ရဲဌာနတွေဟာ လာဘ်ပေးလာဘ်ယူပိုများလာပြီး အကျင့်ပျက်ချစားမှုပိုဆိုးလာနေတယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တွေကထောက်ပြနေကြပါတယ်။
“မပြောင်းချင်တော့ ပိုက်ဆံပေး မပေးနိုင်ရင်ပြောင်းရမှာပဲ။.အဲတော့ပိုက်ဆံရှာကြတာ မြေပြင်မှာဖြစ်ချင်သလိုဖြစ်နေတာ ခုပြောပြောနေကြတဲ့ မူးယစ်ဆေးတွေဖမ်းပြီး ပိုက်ဆံပေးပြန်လွတ်တာဆိုတာတွေက ဒီလိုကိစ္စမျိုးတွေကြောင့် အဖြစ်များလာတာဟုတ်တယ်“လို့ မြစ်ကြီးနားမြို့နယ်ထဲက စစ်ဘက်လုံခြုံရေးအဖွဲ့ ( စရဖ) တစ်ဦးက ပြောပါတယ်။
ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲချုပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိရှိပြီး အရေးယူပေးဖို့ ရဲတပ်ဖွဲ့ဝင်တွေက တောင်းဆိုနေပါတယ်။
ခုလို အရာရှိကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ တပ်ဖွဲ့ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေသလို တချို့လည်း အာဏာဖီဆန်မှုနဲ့ ခုံရုံးစစ်ဆေးခံနေရတာတွေ ရှိတယ်လို့ သိရပါတယ်။
By – Zami



