ဆယ်ဇင်းဘက် SNA အင်အားဖြည့်နေတယ်ဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဒီရက်ပိုင်း စစ်အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး တောင်ယာကုန်းရွှေမှော် SNA တပ်စခန်းကုန်း ၂ ခုကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် SNA ဘက်က စစ်အင်အားဖြည့်တာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတာလို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“တောင်ယာကုန်းပါသွားတဲ့နောက် ဟုမ္မလင်းဘက်ကနေလည်း တက်တယ်။ ရေကြောင်းတိုင်း နောက်ပြီး အထက်ဘက် နောင်ပိုအောင်ဘက်ခြမ်းမှာ ထိုင်ထားတဲ့ SNA တွေကလည်း ဒီရက်ပိုင်း ဆယ်ဇင်းဘက်ခြမ်းကို အင်အားဖြည့်နေတယ်တဲ့။ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်။ အင်အားဖြည့်ပြီး လှုပ်ရှားမယ့်သဘောမှာ ရှိတယ်” လို့ ဟုမ္မလင်း ကာကွယ်ရေးတပနဲ့ နီးစပ်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဟုမ္မလင်းမြို့ဘက်က SNA စစ်သားတွေဟာ ရေကြောင်းကနေ တောင်ယာကုန်းဘက်ကို အင်အားဖြည့်နေသလို နောက်ထပ် နောင်ပိုအောင်နဲ့ နန်တောကျေးရွာဘက်က SNA တပ်တွေကလည်း တောင်ယာကုန်းဘက်ကို စစ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်း ဟုမ္မလင်းဘက် အသစ်ထပ်ရောက်လာတဲ့ SNA စစ်သားတွေကို မိုင်းကိုင်၊ ကျက်သလောက်နဲ့ အနီးတဝိုက်ကျေးရွာတွေဘက်မှာ အင်အားဖြန့်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခုလို SNA တပ်တွေ တောင်ယာကုန်းဘက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် ဥရုချောင်းတစ်လျှောက် သွားလာနေတဲ့ ခရီးသည်စက်လှေနဲ့ ကုန်စက်လှေတွေကိုလည်း SNA တပ်ဖွဲ့ဘက်က အသွားလာကန့်သတ်ထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ဟုမ္မလင်းကနေ နန်တောဘက်၊ ကျက်သလောက်ဘက် တက်တဲ့ စက်လှေတွေ အရင်လိုမဟုတ်တော့ဘူး။ စက်လှေတစ်စီးကို လူ ၅ ယောက်ထက် ပိုမတင်ရဆိုပြီး အမိန့်ထုတ်ထားတယ်။ ကုန်ပစ္စည်းတွေလည်း တင်ချင်သလို တင်လို့မရဘူး။ ဒီရက်ပိုင်းက သူတို့လည်း ရေကြောင်းနဲ့ တောင်ပေါ်တလျှောက် လှုပ်ရှားနေတယ်” လို့ ဆယ်ဇင်းဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

ခုလို စစ်ရေးလှုပ်ရှားမှုတွေကြောင့် စက်လှေမှာ လူ ၅ ဦးထက်ပိုမတင်ဖို့ကိုလည်း SNA က ပြောဆိုထားတယ်လို့သူကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ ဟုမ္မလင်းလေတပ်စခန်းကနေ တောင်ယာကုန်း၊ မိုင်းကိုင်နဲ့ ကျက်သလောက်ဘက်ကို နေ့တိုင်း ဝေဟင်ကနေ ကင်းထောက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့ တောင်ယာကုန်းရွှေမှော်ဟာ ဖားကန့်မြို့နယ်ထဲက ဆယ်ဇင်းနဲ့ ရွှေကျင်းဘက်အနီးမှာ ရှိပြီးရွှေအထွက်ကောင်းတဲ့ ရွှေမှော်တစ်ခုဖြစသလို ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခု ဖြစ်တယ်လို့လည်း ဒေသခတွေပြောပါတယ်။

အဲဒီရွှေမှော်အနီး ပတ်ဝန်းကျင်မှာတော့ SNA တပ်တွေ ခြေကုပ်ယူထားတဲ့ နန်တော၊ မိုင်းကိုင်၊ ကျက်သလောက်နဲ့ လားရာသီ စတဲ့ကျေးရွာတွေ ရှိနေတယ်လို့လည်းသိရပါတယ်။

လတ်တလောမှာတော့ KIA ပူးပေါင်းတပ်တွေကလည်း လက်ရှိ တောင်ယာကုန်းနဲ့ ဆယ်ဇင်းဘက်မှာ နေရာယူထားတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပြီး အနီးတဝိုက်ကျေးရွာတွေမှာ စစ်ရေးသတိနဲ့ နေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်နဲ့ အစပ်မှာရှိတဲ့ ဟုမ္မလင်းမြို့နယ်အတွင်း SNA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ ကျေးရွာ ၁၀ ရွာထက်မနည်းကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button