ထီးချိုင့်-ကသာလမ်းပိုင်းပိတ်ဆို့မှုကြောင့် ကုန်ကားထောင်နဲ့ချီ ပိတ်မိနေ
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်–ကသာလမ်းပိုင်းကို ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလို့ မရတာကြောင့် မန္တလေးဘက်ကို ဆင်းမယ့် ကုန်တင်ကား ထောင်နဲ့ချီ လမ်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေး–မြစ်ကြီးနား ခရီးသွားကားတချို့ကတော့ လမ်းပိုင်းပိတ်ထားတာကြောင့် ဇက်ကူးတဲ့ လမ်းကြောင်းတွေကို ပြောင်းသုံးပြီး ကသာဘက်ကနေ မြစ်ကြီးနားကို ဆက်သွားနေရပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတစ်လျှောက်ရှိ ထီးချိုင့်–ရင်ကွဲတောင်–ကသာလမ်းပိုင်းကို စစ်တပ်က စက်တင်ဘာ ၂၉ ရက်ကစပြီး အင်အားထောင်နဲ့ချီနဲ့ စစ်ကြောင်းထိုး ဖြတ်သန်းခဲ့ပြီး ၅ ရက်ခန့်အကြာမှာ ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
စစ်တပ်ပြန်ထွက်သွားပြီးနောက် ကာကွယ်ရေးတပ်တွေက လမ်းပိုင်းကို ပြန်ထိန်းချုပ်ထားတာကြောင့် ကုန်ကားတွေ ဆက်သွားလို့မရဘဲ ပိတ်မိနေတယ်လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်က ထီးချိုင့်–ကသာလမ်းပိုင်းကို ဝင်ပြီး ၅ ရက်လောက်နေတော့ ပြန်ထွက်သွားလိုက်တာ။ အဲ့တော့ ကာကွယ်ရေးတပ်တွေက ပြန်ပြီးတော့ ထိန်းချုပ်ထားတာ။ အဲ့တော့ ကုန်ကားတွေက ပြန်ပြီးတော့ ပိတ်မိနေတာပေါ့။ ထီးချိုင့်နယ်အဝင် မဲဟင်းက စပိတ်ထားတာ။ ကုန်ကားတွေအများကြီးပဲ၊ အဆင်းကားတွေပေါ့” လို့ ဆိုပါတယ်။
လက်ရှိမှာ ထီးချိုင့်–ကသာလမ်းပိုင်းတစ်လျှောက် နတ်အင်းရွာ၊ ကလုံနဲ့ သာဂရနယ်တဝိုက်အပြင် လမ်းတစ်လျှောက်မှာ ကားတွေ ပိတ်မိနေပြီး မန္တလေးဘက်ကို ဆင်းမယ့် ကုန်တင်ကားတွေက အများစုဖြစ်တယ်လို့ သိရပါတယ်။
ပိတ်မိနေတဲ့ ကားအရေအတွက်ဟာ ထောင်ကျော်နိုင်တယ်လို့လည်း ဒေသခံတစ်ဦးက ခန့်မှန်းပါတယ်။
“ထောင်ကျော်မယ်ထင်တယ်။ နတ်အင်းရွာ၊ ကလုံ၊ သာဂရနယ်တွေလမ်းပိုင်းမှာ ပိတ်မိနေကြတာ။ အဆင်းကားတွေပိတ်မိနေကြတာ။ ကသာ–ထီးချိုင့်–မန္တလေးကို ဆင်းမယ့်ကားတွေ ဖြစ်မှာ။ အရင်လတွေကတည်းက ဝင်ထားတဲ့ကားတွေ ဖြစ်မှာ” လို့ ပြောပါတယ်။
မန္တလေး–မြစ်ကြီးနား သွားလာရေးအတွက် ဧရာဝတီမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်လမ်းကြောင်း ၂ ခုကို အဓိက အသုံးပြုကြပါတယ်။
အရှေ့ဘက်လမ်းကြောင်းက မန္တလေး–မတ္တရာ–ထီးချိုင့်–ကသာကနေ မြစ်ကြီးနားဘက်ကို ဆက်သွားတဲ့လမ်းဖြစ်ပြီး အနောက်ဘက်လမ်းကြောင်းကတော့ မန္တလေး–စစ်ကိုင်း–ရွှေဘိုကနေ အင်းတော်၊ မော်လူးဘက်ကို ဆက်သွားတဲ့လမ်း ဖြစ်ပါတယ်။
လက်ရှိမှာ အရှေ့ဘက်လမ်းကြောင်းရှိ ထီးချိုင့်တံတားအပါအဝင် လမ်းပိုင်းတချို့ကို ဖြတ်သန်းသွားလာလို့ မရတာကြောင့် မန္တလေးကနေ မြစ်ကြီးနားဘက်ကို တက်လာတဲ့ ခရီးသွားကားတချို့ဟာ လမ်းကြောင်းပြောင်းပြီး ဇက်ကူးသွားလာနေရပါတယ်။

ကသာဒေသခံတစ်ဦးရဲ့အဆိုအရ မန္တလေးကနေ မတ္တရာလမ်းအတိုင်း လာပြီး တကောင်းနဲ့ မြတောင်ကို ဖြတ်ကျော်ကာ အင်းရွာလမ်းခွဲကနေ ဇက်ကူးပြီး ကသာမြို့နယ် ကလုံရွာဘက်ကနေ ကသာမြို့ကို ဝင်ရောက်နိုင်ပါတယ်။
“အခုက ထီးချိုင့်တံတားကလည်း ဖြတ်လို့မရဘူး။ အဲ့တော့ မန္တလေးကနေ မတ္တရာလမ်းအတိုင်းလာမယ်။ ပြီးတော့ တကောင်း–မြတောင်တို့ကို ကျော်ပြီဆိုရင် အင်းရွာလမ်းခွဲကို ရောက်ပြီ။ ပြီးရင် အင်းရွာကနေ ဇက်ကူးပြီး ကသာမြို့နယ် ကလုံရွာကိုရောက်၊ ပြီးရင် ကသာမြို့ကို တိုက်ရိုက်မောင်းရုံပဲ” လို့ ဆိုပါတယ်။
မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို တက်လာတဲ့ ကားတွေဟာ လမ်းပိုင်းလုံခြုံရေးအခြေနေပေါ်မူတည်ကာ ကချင်ပြည်နယ် ကိုခရီးနှင်နေရပြီး လမ်းကြောင်းပြောင်းပြီး ဇက်ကူးကာ ကသာဘက်ကို သွားလာနေခဲ့ကြရတာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအသုံးပြုနေတဲ့ ဇက်လမ်းကြောင်းက ကားအမျိုးအစားအားလုံးအတွက် အဆင်ပြေတာမဟုတ်ဘူးလို့ KNG က စုံစမ်းသိရပါတယ်။
ဇက်တွေဟာ ၆ ဘီးကားအရွယ်အစားလောက်ကိုသာ အဓိက ကူးပေးနိုင်ပြီး ၁၂ ဘီးနဲ့ တွဲဘီးကားကြီးတွေကတော့ ဇက်ကူးဖို့ အခက်အခဲရှိနေတယ်လို့သိရပါတယ်။
KNG က စုံစမ်းချက်အရ လက်ရှိအသုံးပြုနေတဲ့ ဇက်တွေဟာ ၆ ဘီးကားအရွယ်အစားလောက်ကိုသာ အဓိက ကူးပေးနိုင်ပြီး ၁၂ ဘီးနဲ့ တွဲဘီးကားတွေကတော့ ဇက်ကူးဖို့ အခက်အခဲရှိနေပါတယ်။
ဒါကြောင့် ဇက်ကူးဖို့ စောင့်ဆိုင်းရတာကြောင့် မန္တလေးကနေ မြစ်ကြီးနားအထိ ခရီးချိန်ဟာ ပုံမှန်ထက် ပိုကြာမြင့်နေပါတယ်။
တစ်ဖက်မှာလည်း အနောက်ဘက်လမ်းကြောင်းဖြစ်တဲ့ အင်းတော်ဘက်ကွင်းလမ်းတွေမှာ မိုးရာသီအတွင်း လမ်းပျက်စီးမှုနဲ့ ဗွက်နစ်မှုတွေ ရှိနေတာကြောင့် ကုန်ကားကြီးတွေ သွားလာဖို့ ခက်ခဲနေတယ်လို့ စက်တင်ဘာလအတွင်း သတင်းတွေမှာ ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။
By – အမိုး




