ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ကဆုန်ဒေသခံ စစ်ရှောင် ၂ ဦး မိုင်းနင်းမိ၊ ခြေထောက်ဒဏ်ရာပြင်းထန်စွာရရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ကဆုန့်ကျေးရွာမှစစ်ရှောင် ၂ဦးသည် ကန့်သတ်နယ်မြေအတွင်း တောင်ယာခုတ်ရန် လိုက်ကြည့်ရာမှ မတ်လ ၅ ရက်နေ့တွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာဆိုးရွားစွာရရှိခဲ့သည်ဟု စစ်ရှောင်တာဝန်ခံများမှ သိရသည်။

နမ္မတီးမြို့ လမ်းခွကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းရှိ စစ်ရှောင်စခန်နှင့် ကတ်သလစ်စစ်ရှောင်စခန်းတွင် တိမ်းရှောင်နေသည့် စစ်ရှောင် ၂ဦးသည် နေရပ်စွန့်ခွာထားရသော ၎င်းတို့၏ကဆုန့်ကျေးရွာအနီးတစ်ဝိုက်သို့ လိုက်ကြည့်စဉ် ယမန်နေ့ နံနက်ပိုင်း ၁၀နာရီခွဲခန့်တွင် မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု KBC စစ်ရှောင်စခန်းမှ သိက္ခာတော်ရ ဆရာ Maran Yaw Htung ယခုလိုပြောသည်။

“အခုမိုင်းနင်းမိသူ ၂ဦးက စစ်ရှောင်တွေဖြစ်တယ်။ သူတို့ ၂ယောက်က နေရပ်စွန့်ခွာထားတဲ့ သူတို့ရဲ့ မြေနေရာမှာ တောင်ယာခုတ်ဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အမှန်တော့ အဲ့နေရာတွေက မသွားဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ သူတို့လည်း ဒီနှစ်အမှီ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သွားခဲ့တာပေါ့။ ပေါ့ဆသွားတယ်လို့ ပြောလို့ရတာပေါ့” ဟု ပြော သည်။

ထိခိုက်ခံရသူ ၂ ဦးမှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ရှောင်စခန်းမှ အသက် ၄၁နှစ်အရွယ်ရှိ ဦးဂလောင်းဇေဘောမ် နှင့် ကက်သလစ် စစ်ရှောင်စခန်းမှ အသက် ၅၀အရွယ်ရှိ ဦးဂရိုင်နော်အောန်တို့ ဖြစ်ကြောင်း သိရသည်။

ထိုသူ ၂ ဦးအနက် ဦးဂလောင်းဇေဘောမ်၏ ညာဘက်ခြေထောက်တစ်ဖက် ကြေမွသွားသဖြင့် လက်ရှိ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေရပြီး၊ ဦးဂရိုင်နော်အောန်၏ ညာဘက်ခြေထောက်တစ်ဖက် ပေါင်တံတွင် မိုင်းစ ထိမှန်သွားသဖြင့် နမ္မတီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေရကြောင်း လမ်းခွကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့ Thomas Nhkang ထံမှ သိရသည်။

ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ပြးဒုက္ခသည်များ ၈ နှစ်ကျော်လာချိန် မိမိအစီစဉ်ဖြင့် နေရပ်ပြန်လာသူများ ရှိနေကြသည်။

ထိုသို့ စစ်ရှောင်များနေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးရန် အစီအစဉ်ရှိမရှိ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြုလုပ်ကျင်းပသည့် (၁၈)ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပဉ္စမနေ့ပုံမှန် အစည်းအဝေးတွင် ရွှေကူမြို့နယ် မဲဆန္ဒနယ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ယု ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်ခဲ့သည်။

‘ကချင်ပြည်နယ်အတွင်း နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်မှာ ကချင်လွှတ်လပ်ရေးတပ်မတော် KIA အနေဖြင့် အပစ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်’ ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ထိုနည်းတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ ပထမဆုံး နေရပ်ပြန် စစ်ရှောင်တစ်ဦး မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အခြေအနေရှိခဲ့သည်။

နမ္မတီးမြို့၊ လမ်းခွကျေးရွာတွင် စစ်ရှောင်စခန်း၂ခု ရှိပြီး KBC စစ်ရှောင်စခန်းတွင် အိမ်ခြေ ၁၀၀ကျော်ခန့် နှင့် ကက်သလစ် စစ်ရှောင်စခန်းတွင် အိမ်ခြေ ၉၀ကျော်ခန့် ဖြင့် စုစုပေါင်း လူဦးရေ တစ်ထောင်ကျော် ရှိနေသေးကြောင်း စစ်ရှောင်တာဝန်ခံများမှ သိရသည်။

အဆိုပါစစ်ရှောင်များသည် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ရှိရာ ကဆုန်ကျေးရွာဘက်ကို မြန်မာ့တပ်မတော်မှ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထွက်ပြေးလာသော ဒေသခံများဖြစ်ကြပါသည်။

 

Show More

Related Articles

Back to top button