ရွှေကူမြို့ကို စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ဘက်ကပြောပါတယ်။
KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီတပ်ဘက်က ထီးချိုင့်–ငအိုးဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး အင်အားများစွာနဲ့ ရွှေကူဘက်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ပြောပါတယ်။
“အင်အား ၄၀၀၊ ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးတာရှိတယ်။ ငအိုးကနေတက်လာပြီး ရွှေကူဘက်ကို ဦးတည်နေတာဖြစ်တယ်။ ရွှေကူကိုတော့ မရောက်သေးဘူး။ တခြားလမ်းကြောင်းတွေမှာလည်း စစ်ဆင်ရေးလုပ်နေတယ်။ စစ်ကြောင်း ၃ ခုနဲ့ လှုပ်ရှားနေတာပါ”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်က ရွှေကူမြို့တွင်းကို တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် လမ်းကြောင်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်း ၃ ကြောင်းလုံး တပြိုင်နက်တည်း လှုပ်ရှားနေတဲ့အခြေအနေကြောင့် ဒေသတစ်ဝှိုက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး စစ်ရေးအခြေအနေကလည်း ယနေ့အထိ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် ငအိုး–ရွှေကူလမ်းပိုင်းထဲက ၅ လမ်းဆုံရွာအနီးမှာလည်း စစ်ကောင်စီတပ်ဘက်က ရှေ့တန်းတပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့ အခြေအနေရှိနေတယ်လို့ KIA ဘက်က ထပ်မံပြောပါတယ်။
အဆိုပါနေရာဟာ လမ်းကြောင်းအရေးပါတဲ့ ချိတ်ဆက်လမ်းဆုံတစ်ခုဖြစ်ပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုအတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။
“ရွှေကူရောက်ပြီဆိုရင် သူတို့ဘက်က ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ဦးတည်ချက်ရှိတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပြောဆိုပြီး လက်ရှိစစ်ရေးလှုပ်ရှားမှုတွေဟာ အဆိုပါလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။

ဒီအခြေအနေကြောင့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း လမ်းကြောင်းတစ်ဝှိုက်မှာ ကြားဖြတ်တားဆီးမှုနဲ့ ခုခံတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ယနေ့မနက်ပိုင်းအထိ ၅ လမ်းဆုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေအရ စစ်ကြောင်းတွေဘက်က ရှေ့ဆက်တိုးလာတာ မတွေ့ရဘဲ ငအိုး–ရွှေကူလမ်းမကြီးတစ်လျှောက်နေရာတွေမှာ ခြေကုပ်ယူထားတဲ့ အနေအထားဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေကိုလည်း လုံခြုံရေးကို ဦးစားပေးပြီး သက်ဆိုင်ရာထုတ်ပြန်ချက်တွေကို လိုက်နာဖို့နဲ့ လိုအပ်ပါက စစ်ရှောင်ပြင်ဆင်ထားဖို့ KIA ဘက်က တိုက်တွန်းထားပါတယ်။
“တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်တဲ့အခြေအနေပါ။ ပြည်သူတွေက လုံခြုံရေးကို အရင်ဆုံးထားပြီး စဉ်းစားဖို့လိုပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
လက်ရှိအခြေအနေအရ ငအိုး–ရွှေကူဒေသတစ်ဝှိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲကျယ်ပြန့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
ရွှေကူမြို့နယ်တစ်ခုလုံးအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ဆက်လက်ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ မြို့နယ်အတွင်း ကျေးရွာအချို့ကို စိုးမိုးထားနိုင်တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ရွှေကူ–ငအိုး–ဗန်းမော်လမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်း စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ ချိတ်ဆက်လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ထိန်းချုပ်ထားသော်လည်း မြို့နယ်အတွင်း ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
By – အမိုး




